မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆက်လက် ဖော်ဆောင်မှု၊စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမေရိကန် ပြည်ထောင်စုက ကတိပြုထားပြီးဖြစ်သလို ဒေသတွင်း ဆက်ဆံရေး ပိုမိုအားကောင်းလာရေး မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကိုလည်း ထောက်ခံထားတဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel က ပြောဆိုလိုက်ပါတယ်။ အမေရိကန်နဲ့ မြန်မာ တို့ ပူးတွဲကျင်းပတဲ့ မဲခေါင်မြစ်အောက်ပိုင်းဒေသ ဖွံ့ဖြိုးရေး ဒေသတွင်း ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲမှာ အမေရိကန် သံအမတ်ကြီးက အခုလို ပြောဆိုလိုက်တာပါ။
ဒီကနေ့ စပြီး ၂ ရက်ကြာ ကျင်းပနေတဲ့ မဲခေါင်မြစ်အောက်ပိုင်းဒေသ ဖွံ့ဖြိုးရေး ဆွေးနွေးပွဲကတော့ မဲခေါင်မြစ်အောက်ပိုင်း ဒေသတလျှောက် အားလုံး တပြေးညီ ရေရှည်ဖွဲ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို ဆွေးနွေးကြမှာပါ။ မဲခေါင်မြစ်ဝှမ်းဒေသတွင်း ကျန်းမာရေး၊ ပညာရေး၊ လယ်ယာစိုက်ပျိုးရေးတို့ အပါအဝင် ပုဂ္ဂလိကကဏ္ဍ ထိတွေ့ဆက်ဆံရေးတို့ ကို အလေးထား ဆွေးနွေးကြပါတယ်။
မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ လာအို၊ ကမ္ဘေားဒီယား၊ ဗီယက်နမ်၊ မြန်မာ နိုင်ငံတို့အပြင် အမေရိကန်၊ သြစတေးလျ၊ တောင်ကိုရီးယာနိုင်ငံတို့က ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြပြီး အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်နဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတိုက ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့ကြပါတယ်။
Your browser doesn’t support HTML5