ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှု G-20 အလေးထား

ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှု G-20 အလေးထား

ပြင်သစ်နိုင်ငံမှာ နောက်ဆုံးနေ့အဖြစ်ကျင်းပနေတဲ့ G-20 စက်မှုအင်အားကြီးနဲ့ စီးပွားရေးထွန်းသစ်စနိုင်ငံတွေရဲ့ ထိပ်သီးညီလာခံမှာ ကမ္ဘာ့စီးပွားရေး တည်ငြိမ်ရေးကိစ္စကို အဓိက အာရုံစိုက်ဆွေးနွေးနေကြပါတယ်။ ၂ ရက် ကျင်းပတဲ့ ထိပ်သီးညီလာခံမှာ ပထမနေ့ကတော့ ဂရိနိုင်ငံက နိုင်ငံရေး အရှုပ်အထွေးကြောင့် ယူရိုငွေကြေး သုံးစွဲတဲ့ နိုင်ငံတွေအားလုံး စီးပွားရေးကပ် ဆိုက်သွားနိုင်တဲ့ ခြိမ်းခြောက်မှုကိစ္စကို အကြီးအကျယ် ဆွေးနွေးခဲ့ကြတာပါ။

ဒီကနေ့ ဆွေးနွေးမှုတွေမှာတော့ ပြည်တွင်းစားသုံးမှု ပိုတိုးတက်လာအောင် မြှင့်တင်ပေးရေး၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အရင်းအမြစ်တွေ တိုးပွားရေးကိစ္စတွေကို ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံ့ခေါင်းဆောင်တွေ အဓိကထား ဆွေးနွေးကြလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဒီဆောင်ရွက်မှု နှစ်ချက်စလုံးဟာ ဥရောပ အကြွေးပြဿနာရဲ့ ကမ္ဘာကြီးအပေါ်သက်ရောက်မှု သက်သာအောင်ကြိုးစားတဲ့ ဆောင်ရွက်မှုတွေ ဖြစ်ပါတယ်။

ကမ္ဘာ့ငွေကြေးဈေးကွက် တည်ငြိမ်ရေး၊ ခိုင်မာတဲ့ ငွေကြေးဆိုင်ရာ စည်းမျဉ်းဥပဒေတွေ လက်တွေ့ အကောင်အထည်ဖော်ရေးတွေကိုလည်း အာရုံစိုက်ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။