ဈေးကွက်သတ်မှတ်မှု ငွေကြေးနှုန်းထားဖြစ်ရေး G-20 ဆက်လုပ်သွားမည်

ဈေးကွက်သတ်မှတ်မှု ငွေကြေးနှုန်းထားဖြစ်ရေး G-20 ဆက်လုပ်သွားမည်

ကုန်သွယ်ရေးနဲ့ ငွေကြေးဆိုင်ရာ ကွာဟမှုပြဿနာတွေကိုဖြေရှင်းဖို့ ရှေ့ဆက်လုပ်ရမယ့် အလုပ်တွေ ရှိနေသေးပေမဲ့ ရေရှည်တည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ကမ္ဘာကြီးဖြစ်ဖို့ ဆက်ပြီးဆောင်ရွက်ကြဖို့ စက်မှုတိုးတက်တဲ့ နိုင်ငံ ၂၀ ခေါင်းဆောင်တွေက သဘောတူလိုက်ကြတယ်လို့ အမေရိကန်သမ္မတ ဘရက် အိုဘားမားက ပြောပါတယ်။

တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှာကျင်းပတဲ့ စက်မှုအင်အားကြီးနိုင်ငံ ၂၀ ခေါင်းဆောင်တွေ ၂ ရက်ကြာ တွေ့ဆုံပွဲအပြီးမှာ သမ္မတက တကယ့်အောင်မြင်မှုကို ရခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။ သောကြာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ G-20 လို့ခေါ်တဲ့ စက်မှုထွန်းကားတဲ့ နိုင်ငံ ၂၀ ခေါင်းဆောင်တွေဟာ အပြိုင်အဆိုင် ငွေလဲနှုန်း နှိမ့်ချတာတွေ မလုပ်ဖို့နဲ့ ဈေးကွက်ကဆုံးဖြတ်တဲ့ ငွေလဲနှုန်းကို လက်ခံဖို့ ရှေ့ဆက် ဆောင်ရွက်ကြမယ်လို့ သဘောတူခဲ့ပါတယ်။

G-20 နိုင်ငံခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ လက်ထောက်တွေဟာ ညှိနှိုင်းရေးကိစ္စတွေကို ဆက်ပြီး လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။ တရုတ် ယွမ်ငွေကြေး တန်ဖိုးနှိမ့်ချထားမှုဟာ အမေရိကန်နဲ့ တခြား ကုန်သွယ်ဖက် နိုင်ငံတွေကို အနှောက်အယှက် ဖြစ်စေတယ်လို့ သမ္မတက ပြောပါတယ်။ တဆက်တည်းမှာပဲ ဈေးကွက်ကဦးဆောင်တဲ့ငွေလဲနှုန်းကို လက်ခံဖို့ကိစ္စဟာ တရုတ်နိုင်ငံအတွက် အရေးကြီးတယ်လို့လည်း ဆိုပါတယ်။ G-20 ထိပ်သီးစည်းဝေးပွဲ ကြေညာချက်မှာ တရုတ်ယွမ် ငွေကြေး အနေအထား အသေးစိတ်ကိုတော့ ထည့်သွင်းဖော်ပြခဲ့တာ မရှိဘူးလို့ သိရပါတယ်။