G-20 အစည်းအဝေးကနေ မစ္စတာပူတင် စောပြန်မယ့် ကိစ္စ ရုရှား ငြင်း

G20 အစည်းအဝေးအတွက် ဘရစ္စဘိန်းမြို့သို့ ရောက်သွားသည့် မစ္စတာပူတင်။ နိုဝင်ဘာ ၁၅၊ ၂၀၁၄။

G20 အစည်းအဝေးအတွက် ဘရစ္စဘိန်းမြို့သို့ ရောက်သွားသည့် မစ္စတာပူတင်။ နိုဝင်ဘာ ၁၅၊ ၂၀၁၄။

သြစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့မှာ ကျင်းပနေတဲ့ စက်မှုထိပ်သီးနိုင်ငံ၂၀ G-20 ထိပ်သီးအစည်းအဝေး တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ နွေးထွေးမှုမရှိတဲ့ ဆက်ဆံရေးကြောင့် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် စောစောစီးစီး ပြန်မယ်ဆိုတာကို ရုရှားအစိုးရက ငြင်းလိုက်ပါတယ်။

သမ္မတပူတင်ရဲ့ ပြောခွင့်ရကတော့ မစ္စတာပူတင်ဟာ ထိပ်သီးအစည်းအဝေးမှာ လုပ်စရာတွေ အကုန်ပြီးစီးသွား ချိန်မှာမှ ရုရှားနိုင်ငံကို ပြန်မှာဖြစ်ကြောင်း စနေနေ့ ရုရှားရေဒီယိုကနေ ပြောပါတယ်။ အစောပိုင်းတုန်းကတော့ မစ္စတာပူတင်ဟာ တနင်္ဂနွေနေ့မှာ တည်ခင်းမယ့် နေ့လည်စာစားပွဲကို မတက်ရောက်တော့ပဲ ထိပ်သီး အစည်းဝေး မပြီးဆုံးခင်မှာပဲ ပြန်မှာဖြစ်ကြောင်း သမ္မတပူတင်ရဲ့ ကိုယ်ရေးအရာရှိတွေက ပြောတာပါ။

ထိပ်သီးအစည်းဝေးကို တက်ရောက်လာတဲ့ G-20 ခေါင်းဆောင်တွေဟာ သြစတြေးလျနိုင်ငံရဲ့ ဌာနေ သတ္တဝါဖြစ်တဲ့ koala ဝက်ဝံတွေကိုင်ပြီး ဓာတ်ပုံအရိုက်ခံကြပါတယ်။ သြစတြေးလျဝန်ကြီးချုပ် Tony Abbott နဲ့ G-20 ခေါင်းဆောင်တွေကို လက်ဆွဲနှုတ်ဆက်ချိန်မှာတော့ ယူကရိန်းမှာ ရုရှားဝင်ပါမှုနဲ့ပတ်သက်ပြီး သမ္မတပူတင်နဲ့ ဆက်ဆံရေး အခြေနေတွေ တင်းမာခဲ့ပါတယ်။

မစ္စတာပူတင်နဲ့ မတွေ့ဆုံခင်မှာပဲ ဗြိတိသျှဝန်ကြီးချုပ် David Cameron က အနောက်နိုင်ငံတွေဟာ ရုရှားအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ထပ်ပြီး ချနိုင်တယ်လို့ သတိပေးခဲ့သလို ဂျာမဏီဝန်ကြီးချုပ် Angela Merkel ကလည်း ယူကရိန်းမှာ ဖြစ်ပွားနေတာတွေဟာ ကမ္ဘာ့စီးပွားရေး ကြီးထွားမှုကို အတားအဆီး ဖြစ်စေတယ်လို့ ဆိုပါတယ်။ ကနေဒါဝန်ကြီးချုပ် Stephen Harper ကတော့ မစ္စတာပူတင်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပေမယ့် ယူကရိန်းကနေ ထွက်သွားပေးဖို့ ပြင်းပြင်းထန်ထန် ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတ Barack Obama က စနေနေ့ မိန့်ခွန်းပြောကြားရာမှာ ရုရှားရဲ့ ယူကရိန်းဒေသအရေး ရန်လိုတဲ့ လုပ်ဆောင်မှုဟာ ကမ္ဘာကြီးကို ခြိမ်းခြောက်မှုတခုလို့ ပြောကြားခဲ့တာပါ။

NATO မဟာမိတ်တပ်တွေနဲ့ ဥရောပစောင့်ကြည့်သူတွေက ရုရှားရဲ့ လက်နက်တွေ တပ်သားတွေ ယူကရိန်းမှာ တွေ့နေရတယ်လို့ ပြောပေမယ့် ရုရှားအစိုးရကတော့ သူတို့ စေလွှတ်မှုမရှိဘူးလို့ ငြင်းဆိုပါတယ်။