G-20 ဘဏ္ဍာရေးဝန်ကြီးတွေ ပူးပေါင်းညှိနှိုင်းရေး ကတိပြု

တောင်ကိုရီးယားနိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့ဦးဆောင် စီးပွားရေးအင်အားကြီးနိုင်ငံတွေက ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ တွေရဲ့အစည်းအဝေးနောက်ဆုံးနေ့မှာ ကမ္ဘာ့စီးပွားရေး ပြန်ဦးမော့လာရေး ပူးပေါင်းညှိနှိုင်း ကြိုးပမ်း သွားကြဖို့ ကတိပြုလိုက်ကြ ပါတယ်။ G-20 လို့ခေါ်တဲ့ စက်မှုနိုင်ငံ ၂၀ ခေါင်းဆောင်တွေက ကမ္ဘာ့စီးပွားရေးပြန်ပြီး တိုးတက်လာတာတွေ့ရပေမဲ့၊ လုံး၀ နာလံ ပြန်ထူနိုင် ဖို့ကတော့ အဓိက အခက်အခဲတွေ ရှိနေဆဲပဲလို့ စနေနေ့က ပြောဆိုလိုက်ကြပါတယ်။

အမေရိကန်ဘဏ်လုပ်ငန်းတွေအကြပ်ရိုက်စေခဲ့တဲ့ အရဲစွန့်တဲ့ အပြုအမူတွေကို ဘဏ္ဍာရေးအဖွဲ့အစည်းတွေက ရှောင်ရှား နိုင်ကြဖို့အတွက် လုပ်ထုံးလုပ်နည်း စည်းမျဉ်းအသစ်တွေ ချမှတ်စေလို့ကြတယ်လို့ G-20 ခေါင်းဆောင်တွေက ပြောပါတယ်။ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း တိုက်ဖျက်ကြရေး အရေးပေါ် အသုံးစရိတ် ရန်ပုံငွေထားရှိရေး မနှစ်က သဘောတူခဲ့ကြတာ တကယ်အကျိုးရှိတယ်လို့လည်း ခေါင်းဆောင်တွေက ပြောကြပါတယ်။

စီးပွားရေးနိုးထစေတဲ့ အသုံးစရိတ်တွေ ရပ်နားပြီး နိုင်ငံရဲ့ ဘတ်ဂျက်လိုငွေပြမှုကို ထိန်းချုပ်ကြဖို့ အချိန်ကျရောက် နေပြီလို့ ခေါင်းဆောင်တွေ ကပြောပါတယ်။ အသုံးစရိတ် တမဟုတ်ချင်း လျှော့ချခဲ့ရင် ကမ္ဘာ့စီးပွားရေးကျဆင်းမှု ဂယက်ထဲပြန်ရောက်သွားနိုင်တယ်ဆိုတာကို လတ် တလောဖြစ်ပေါ်နေတဲ့ ဥရောပကြွေးမြီ အကျပ်အတည်းက သတိပေး လိုက်တာဖြစ်တယ်လို့လည်း ထောက်ပြကြပါတယ်။ ဒီလကုန်ပိုင်း ကနေဒါနိုင်ငံမှာ ကျင်းပမယ့် G-20 ထိပ်သီးညီလာခံ အကြိုအဖြစ် ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဌတွေ တောင်ကိုရီးယားနိုင်ငံမှာ စည်းဝေးခဲ့ကြတာ ဖြစ်ပါတယ်။