ဖွံ့ဖြိုးပြီးနိုင်ငံများ လိုငွေလျှော့ချဖို့ G-20 သဘောတူ

လာမယ့် ၂၀၁၆ ခုနှစ်မှာ နိုင်ငံအလိုက် ထုတ်လုပ်နိုင်မှုပေါ် မူတည်ပြီး ကြွေးမြီတွေကို လျှော့ချနိုင်ဖို့နဲ့ လိုငွေပြမှုကို ၃ နှစ်အတွင်း ထက်ဝက် လျှော့ချနိုင်အောင် ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံတွေက လုပ်ဆောင်ဖို့ တောင်းဆိုတဲ့ အစီအစဉ်တရပ်ကို ကမ္ဘာ့ စက်မှုထိပ်သီး နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ၂၀ ရဲ့ ခေါင်းဆောင်တွေက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ ကျင်းပတဲ့ G-20 ထိပ်သီးညီလာခံ ပြီးဆုံးတဲ့ တနင်္ဂနွေနေ့မှာ ကနေဒါဝန်ကြီးချုပ် စတီဖင် ဟာပါ (Stephen Harper) က ဒီအစီအစဉ်ကို ကြေညာခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ စီးပွားရေး ပြန်လည် နာလန်ထူလာဖို့ ဆောင်ရွက်မှုတွေနဲ့ ကြွေးမြီလျှော့ချဖို့ လုပ်ဆောင်တဲ့ အဆင့်တွေအကြား လုပ်သာကိုင်သာရှိမယ့် အစီအစဉ် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ တခြား ခေါင်းဆောင်တွေက ကမ္ဘာ့စီးပွားရေး ပြန်လည် နာလန်ထူလာပေမဲ့ စိန်ခေါ်နေတဲ့ ပြဿနာကြီးတွေ ရှိနေသေးတာမို့ သတိနဲ့ ဆောင်ရွက်ဖို့ လိုအပ်မယ်လို့ သတိပေးထားပါတယ်။ စီးပွားရေး ပြန်လည်ဦးမော့လာပေမဲ့ ဒါဟာ တည်ငြိမ်မှု မရှိသေးဘဲ နိုင်ငံအတော်များများမှာ အလုပ်လက်မဲ့ ပြဿနာတွေ ရှိနေဆဲဖြစ်ပြီး ဒါဟာ လက်ခံနိုင်လောက်တဲ့ အဆင့်မှာ မရှိသေးဖူးလို့လည်း ပြောပါတယ်။

စီးပွားရေး ပြန်လည် နာလန်ထူလာမှု အရှည်တည်တန့်စေဖို့အတွက် နိုင်ငံတွေရဲ့ လက်ရှိ စီးပွားရေး နိုးထစေမဲ့ အစီအစဉ်တွေအတိုင်း လုပ်ဆောင်ဖို့ လိုအပ်နေသလို ပုဂ္ဂလိက လိုအပ်ချက် ထွန်းကားလာစေမဲ့ အလုပ်အခြေအနေမျိုးတွေကို ဖန်တီးပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

G-20 နိုင်ငံ အတော်များများဟာ ၂၀၀၈ ခုနှစ် စီးပွားရေး ကပ်ဆိုက်ခဲ့တဲ့နောက်ပိုင်း သူတို့ရဲ့ စီးပွားရေး နိုးထစေမဲ့ အစီအစဉ်တွေအတွက် ငွေချေးပြီး လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီ ၂ ရက်ကြာ ကျင်းပတဲ့ G-20 ထိပ်သီး ညီလာခံအတွင်း ဆန္ဒပြမှုတွေကနေ လူပေါင်း ၅၀၀ ကျော်လည်း အဖမ်းခံခဲ့ရပါတယ်။