G7 ကာကွယ်ရေးဝန်ကြီးတွေ ကမ္ဘာ့လုံခြုံရေး ဆွေးနွေး

အီတလီနိုင်ငံ Naples မြို့ မှာ ကျင်းပတဲ့ G7 ကာကွယ်ရေး ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ အီတလီကာကွယ်ရေးဝန်ကြီး Guido Crosetto က ကနေဒါကာကွယ်ရေးဝန်ကြီး Bill Blair ကို ကြိုဆိုနှုတ်ဆက်

အရှေ့ အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာနေချိန်၊ ယူကရိန်းအရေးနဲ့ ပတ်သက်လို့လည်း ဖိအားတွေ တိုးလာနေချိန်မှာ ကမ္ဘာ့လုံခြုံရေးရာ ကိစ္စတွေကို ဆွေးနွေးဖို့ G7 ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေ ဒီကနေ့ အီတလီနိုင်ငံမှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။ G7 အလှည့်ကျဥက္ကဌ တာဝန်ယူထားတဲ့ အီတလီနိုင်ငံအနေနဲ့ G7 ကာကွယ်ရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးကို ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး ဒီ စုဝေးမှုက ဒီမိုကရေစီနစ် ထိခိုက်ပျက်စီးအောင် လုပ်နေသူတွေကို ခိုင်မာ ပြတ်သားတဲ့ သတင်းစကားပါးတာဖြစ်တယ်လို့ အီတလီ ကာကွယ်ရေးဝန်ကြီး Guido Crosetto က ပြောပါတယ်။

ယူကရိန်းမှာ ရုရှားက ရက်ရက်စက်စက် ရန်လိုတိုက်ခိုက်နေတာတွေ၊ အရှေ့အလယ်ပိုင်းဒေသက ဆိုးရွားတဲ့ အခြေအနေတွေ၊ အာဖရိက တောင်ပိုင်း ဆာဟာရဒေသမှာ ဖြစ်နေတဲ့ မတည်ငြိမ်မှုတွေနဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ တင်းမာမှုတွေ တိုးလာနေတာဟာ အနာဂတ် လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေတွေကို မီးမှောင်းထိုးပြနေတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ် နေတိုးအဖွဲ့ အခြေစိုက်စခန်းရှိတဲ့ တောင်ပိုင်း Naples မြို့ မှာ ကျင်းပတဲ့ G7 ကာကွယ်ရေး ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲကို နေတိုးအဖွဲ့အကြီးအကဲ မာ့ခ် ရူတာ့ Mark Rutte နဲ့ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ Josep Borrell တို့လည်း တက်ရောက်နေကြတာပါ။

အခုချိန်မှာ အရှေ့ အလယ်ပိုင်းဒေသ အပစ်အခတ် ရပ်စဲရေးကို ဦးစားပေး ဆောင်ရွက်ဖို့ လိုအပ်သလို၊ ဟာမတ်စ်ခေါင်းဆောင် Yahya Sinwar သေဆုံးခဲ့ပြီးနောက်ပိုင်း အပစ်ရပ် ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ အခွင့်အလမ်း ပိုပွင့်လာနိုင်တယ်လို့ အီးယူ နိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ Josep Borrell က ပြောပါတယ်။