Gambia အာဏာရှင် အာဏာစွန့်

ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တဲ့ Gambiaနိုင်ငံရဲ့ ခေါင်းဆောင် Yahya Jammeh စနေနေ့ ညပိုင်းမှာ နိုင်ငံကနေ ထွက်ခွာသွားတာကြောင့် ၂၂ နှစ်ကြာ လက်နက်ကိုင် အုပ်ချုပ်မှု အဆုံးသတ်သွားပြီ ဖြစ်သလို ဒေသတွင်း စစ်တပ်က ကြားဝင်ရလု အခြေအနေရောက်နေတဲ့ အနောက် အာဖရိက နိုင်ငံရဲ့ နိုင်ငံရေး ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေကလည်း အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။ မစ္စတာ Jammeh က ဘန်ဂျူးလ် လေဆိပ်ကနေ မိသားစုနဲ့ အတူ အမှတ်အသား မပါတဲ့ လေယာဉ်နဲ့ ထွက်ခွာသွားခဲ့ပြီး ထွက်ခွာချိန်မှာ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

နောက် နာရီပိုင်း အကြာမှာတော့ Equatorial Guinea ကို ဆိုက်ရောက်သွားပါတယ်။ ဂီနီ သမ္မတ Alpha Conde က သူ့ကို ကြိုဆိုခဲ့ပါတယ်။ ၁၉၉၄ ခုနှစ် စစ်အာဏာသိမ်းပြီး နိုင်ငံအာဏာကို ရယူခဲ့တဲ့ ဂမ်ဘီယာ ခေါင်းဆောင် Jammeh က ဒီဇင်ဘာလ ၁ ရက်နေ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးကနေ ဖယ်ပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် သတင်းပတ်ပေါင်းများစွာ တင်းမာမှုတွေ ဖြစ်ခဲ့တာကလည်း အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။ သူ့ကို သစ္စာခံတဲ့ စစ်တပ် အမာခံတွေကို ရင်ဆိုင်ဖို့ အတွက် ဆီနီဂေါနဲ့ နိုင်ဂျီးရီးယား နိုင်ငံတို့က တပ်ဖွဲ့ဝင် ၇ ထောင်စေလွှတ်ပြီး စစ်ရေးအရ အရေးယူဖို့ ခြိမ်းခြောက်မှုလည်း အပြီးသတ်သွားပြီ ဖြစ်ပါတယ်။

ဒီတပ်တွေ Gambiaနိုင်ငံတွင်း ဝင်မယ့် အစီအစဉ်ကို အာဖရိက သမဂ္ဂကရော ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီတို့ကပါ ထောက်ခံထားတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တဲ့ Gambiaနိုင်ငံရဲ့ ခေါင်းဆောင် Yahya Jammeh နိုင်ငံကနေ ထွက်ခွာသွားတာကြောင့် ရွေးကောက်ပွဲ နိုင်ထားတဲ့ Adama Barrow ကို အာဏာလွှဲပြောင်းပေးနိုင်ဖို့ အတွက် လမ်းပွင့်သွားတာလည်း ဖြစ်ပါတယ်။ ဆီနီဂေါနိုင်ငံက ဂမ်ဘီးယား သံရုံးမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျမ်းသစ္စာ ကျန်ဆိုခဲ့တဲ့ Adama Barrow ကတော့ Gambia ကို ပြန်မယ်လို့ ခန့်မှန်းရပါတယ်။

Your browser doesn’t support HTML5

Gambia အာဏာရှင် အာဏာစွန့်