Gambia နိုင်ငံမှာ အချိန်အတော်ကြာ အုပ်ချုပ်လာခဲ့တဲ့ ခေါင်းဆောင် Yahya Jammeh က အာဏာကို စွန့်လွှတ်ဖို့ လက်မခံပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကတော့ Gambia ခေါင်းဆောင်သစ် Adama Barrow ကို နိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် အသိအမှတ်ပြုလိုက်ပါတယ်။
မစ္စတာ Barrow က အိမ်နီးချင်း Senegal နိုင်ငံမှာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် ကြာသပတေးနေ့ နေ့ခင်းမှာပဲ Gambia နိုင်ငံထဲ တပ်တွေ ဝင်ခဲ့ကြကြောင်း Senegal စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကားပြီး နိုင်ငံတကာသတင်းဌာန အနည်းဆုံး ၂ ခုက ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၁၆ ဒီဇင်ဘာ ၁ ရက်နေ့ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်လို့ အသိအမှတ်ပြုခံထားရတဲ့ Barrow ကို ခေါင်းဆောင်ဟောင်းက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စနစ်တကျ အာဏာလွှဲပြောင်းမပေးဖို့ ကြိုးပမ်းမှုတွေအပေါ် အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချမှုတွေ ပါဝင်တဲ့ Senegal နိုင်ငံရဲ့ အဆိုပြု ဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီက တခဲနက် ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။
လုံခြုံရေးကောင်စီအနေနဲ့ သမ္မတ Barrow ကို အပြည့်အ၀ ထောက်ခံမှုပေးကြောင်း ပြောကြားခဲ့တယ်လို့လည်း လုံခြုံရေးကောင်စီဥက္ကဌ ဆွီဒင်သံအမတ်ကြီး Olof Skoog က ဆိုပါတယ်။
ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ - ရွေးကောက်ပွဲရလဒ်ကို လေးစားကြောင်း ခိုင်မာစေရေး - အနောက်အာဖရိကအဖွဲ့ချုပ်နဲ့ အာဖရိကသမဂ္ဂတို့ရဲ့ သန္ဓိဌာန်ကို လုံခြုံရေးကောင်စီကနေ နိုင်ငံရေးအရ ထောက်ခံမှုပေးခဲ့တာဖြစ်တယ်လို့လည်း - လုံခြုံရေးကောင်စီ ဥက္ကဌက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မစ္စတာ Jammeh အနေနဲ့ Gambia ပြည်သူတွေရဲ့ ဆန္ဒနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားရမယ်လို့လည်း လုံခြုံရေးကောင်စီက ပြောဆိုခဲ့ကြောင်းလည်း ဥက္ကဌ Skoog က ပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5
Gambia ခေါင်းဆောင်သစ်ကို သမ္မတအဖြစ် ကုလအအသိအမှတ်ပြု