ဂါဇာဒေသအတွက် ကုန်တင်သင်္ဘော ခရီးလမ်းဆုံး မသဲကွဲသေး

ဂါဇာကမ်းမြှောင်ဒေသအတွက် စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ တင်ဆောင်လာတဲ့ သင်္ဘောတစီးဟာ ဘယ်ဆိပ်ကမ်းကို အရောက်သွားရမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ ဂရိနိုင်ငံကနေ ထွက်ခွာလာခဲ့ပါပြီ။ အစ္စရေးနဲ့ ဂရိတာဝန်ရှိသူတွေ သံခင်းတမန်ခင်းအရ ဆွေးနွေးညှိနှိုင်းခဲ့ပြီး၊ အခု လောလောဆယ် အဲဒီသင်္ဘောဟာ အီဂျစ်နိုင်ငံ El-Arish ဆိပ်ကမ်းကို ဦးတည် မောင်းနှင်နေပါတယ်။

ဒါပေမဲ့ အစ္စရေး လွှတ်တော်က ပါလက်စတိုင်းအမတ် တဦးဖြစ်သူ Ahmad Tibi ကတော့ ဒီသင်္ဘောဟာ နောက်ဆုံး ဂါဇာကိုပဲ ရောက်ရှိလာမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီကုန်တင်သင်္ဘော Youssef Sawan ကို စင်းလုံးငှားခဲ့တဲ့ ပရဟိတ အကျိုးဆောင် အဖွဲ့ကလဲ ကုန်ပစ္စည်းတွေကို ဂါဇာအရောက်ပို့မယ်လို့ ဆိုပါတယ်။ အဲဒီပရဟိတ အဖွဲ့ကို လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီ ရဲ့သားက ဦးဆောင်တာ ဖြစ်ပါတယ်။

Maldova နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Youssef Sawan သင်္ဘောပေါ်မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါး တန်ချိန် ၂ဝ၀၀ ကို တင်ဆောင်လာပြီး အစ္စရေးတို့ ပိတ်ဆို့ထားတဲ့ ဟားမက်စ် ထိန်းချုပ်နယ်မြေ ဂါဇာဒေသကို ဦးတည် ခုတ်မောင်းခဲ့တာလို့ ပြောပါတယ်။ မေလတုန်းက အစ္စရေးတို့ ပိတ်ဆို့ထားတဲ့ ဂါဇာဒေသအတွက် လူမှုရေး အထောက်အကူတွေ ပို့မယ့် ကုန်တင်သင်္ဘော တန်းကို အစ္စရေးရေတပ်က အင်အားသုံး ကြားဖြတ်စီးနင်းခဲ့တာကြောင့် နိုင်ငံတကာက ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။