KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စော တာမလာဘော ကွယ်လွန်

  • ဇော်ဝင်းလှိုင်

KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောတာမလာဘော

KNU ကရင်အမျိုးသားအစည်းရုံး ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စောတာမလာဘောဟာ ကြာသပတေးနေ့ညက ကွယ်လွန် သွားပြီ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး တာမလာဘောဟာ စစ်ရေး၊ နိုင်ငံရေး နှစ်ခုစလုံးကို နားလည် သဘောပေါက်သူဖြစ်သလို KNU ရဲ့ မူဝါဒတွေနဲ့ပတ်သက်လို့ ခိုင်မာစွာ ရပ်တည် ဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ လုပ်ဆောင်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေ က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

KNU ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘောဟာ အသက် ၉၄ နှစ်အရွယ်မှာ လူကြီးရောဂါနဲ့ ကြာသပတေးနေ့ည ၉ နာရီ ၂၃ မိနစ်က ထိုင်း - မြန်မာနယ်စပ် မဲစရီးယန်းမြို့က နေအိမ်မှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး တာမလာဘောဟာ စစ်ရေးရော နိုင်ငံရေးပါ နှစ်မျိုးစလုံး နားလည် ကျွမ်းကျင်သူတဦးဖြစ်တယ်လို့ ကေအဲန်ယူ အရံဗဟိုကော်မီတီဝင်ဟောင်းလည်းဖြစ်၊ ဗိုလ်ချုပ်တာမလာဘောနဲ့ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ခဲ့ဘူးတဲ့ ပဒိုဇော်နောင်က ပြောပါတယ်။

“ကျနော်အနေနဲ့ကတော့ ဗိုလ်ချုပ် တာမလာဘောနဲ့ ပတ်သက်လို့ကတော့ အဲ့ဒီ့မူပိုင်းဆိုင်ရာမှာ ရပ်တည်ချက် ခိုင်မာတယ်။ ကျနော် အဲ့ဒီ့လိုမြင်တယ်။ နောက်တချက်က သူက တပ်မှူး တစ်ယောက်ဖြစ်ပေမဲ့ နိုင်ငံရေး နားလည်တဲ့ တပ်မှူး တစ်ယောက်ပေါ့နော်။ တော်လှန်ရေး၊ နိုင်ငံရေး သဘောတရားတွေကို နားလည်တဲ့ ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ ကျနော်မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေက တောက်လျောက် ခိုင်မာခဲ့တာကို တွေ့ရတယ်။ ကျနော်တို့ Gentleman's agreement ကာလမှာ ဗိုလ်ချုပ်မြတောင် သူ့ကို ဗိုလ်ချုပ်ရာထူးကနေ သူ့ကို ထုတ်လိုက်တာတွေ ရှိတယ်။ သူ့ရဲ့ရပ်တည်ချက်က အဲ့တုန်းကဆိုရင် ဗိုလ်ချုပ်မြတို့လည်း နည်းနည်းလေး သူတို့ ဒီမူပိုင်းဆိုင်ရာမှာ နည်းနည်းလေး ယိုင်လာတဲ့အပေါ်မှာ ဗိုလ်ချုပ် တာမလာဘောက မူနဲ့ပတ်သက်ပြီးတော့ အခိုင်အမာ ရပ်တည်တဲ့အတွက် သူ့ကို ထုတ်လိုက်တာတွေရှိတယ်။

ထုတ်လိုက်ပြီးတော့ ကျနော်တို့ ဗဟိုကော်မတီ အစည်းအဝေးပြန်ခေါ်ပြီးတော့ ကျနော်တို့ ဒီဗဟိုကော်မတီတွေက ဝိုင်းဝန်းဆွေးနွေးချက်အရ ဗိုလ်ချုပ်ကြီးမြက ဗိုလ်ချုပ်ကြီး တာမလာဘောကို ထုတ်လိုက်တဲ့ဟာကို ပြန်ပယ်လိုက်တာပေါ့နော်။ ဆိုတော့ အဲ့ဒီကာလမှာလည်း တကယ်ပဲ ခိုင်ခိုင်မာမာရှိတယ်။ သူ့ကို ရာထူးကထုတ်လည်း ထုတ်ပါစေ။ သူမတုန်လှုပ်ဘူးပေါ့နော်။”

၁၉၉၆ ခုနှစ်မှာ မြန်မာအစိုးရနဲ့ KNU အကြားပြုလုပ်တဲ့ ဆွေးနွေးပွဲကို ဗိုလ်ချုပ်ကြီးတာမလာဘောက ဦးဆောင်ခဲ့ပြီး အဲဒီ ဆွေးနွေးပွဲတွေမှာလဲ အဖွဲ့အစည်းရဲ့ မူဝါဒတွေအတိုင်း ခိုင်မာစွာ ရပ်တည် ဆွေးနွေးခဲ့သူဖြစ်တယ်လို့ အဲဒီ ဆွေးနွေးပွဲမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ပဒိုဇော်နောင်က ပြောပါတယ်။ ဒါပေမယ့် လက်ရှိ KNU အဖွဲ့ကသွားနေတဲ့ နိုင်ငံရေးလမ်းစဉ်အပေါ် သဘောမကျဘူးဆိုတာကို မကွယ်လွန်ခင်မှာ ဗိုလ်ချုပ်ကြီး တာမလာဘောက သူ့ကို ပြောပြခဲ့တယ်လို့ ပဒိုဇော်နောင်က ပြောပါတယ်။

“နောက်ပြီးတော့ အခုလက်ရှိ KNU ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်လို့လည်း သူ့အမြင်တစ်ခုရှိတယ်။ အဲ့တာက တော်တော်လေး ထူးထူးခြားခြားလို့ပြောရမှာပေါ့နော်။ အခုလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေက တော်လှန်ရေးကို သစ္စာဖောက်တဲ့လုပ်ငန်းတွေပဲလို့ တချက်ပြောသွားတယ်။”

မေး။ ။ အခု KNU နဲ့ မြန်မာအစိုးရနဲ့ ဆွေးနွေးနေတဲ့ကိစ္စကိုလား ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေ အားလုံးနဲ့ မြန်မာ အစိုးရနဲ့ ဆွေးနွေးနေတဲ့ကိစ္စလား ဒါမှမဟုတ် မြန်မာအစိုးရ လုပ်ဆောင်ချက်တွေကိုလား ဘယ်ကိစ္စကိုသူ့ကဆိုလိုချင်တာလဲ။

“ သူကတော့ အဓိက ကတော့ အခုလက်ရှိKNU ဘက်က သွားနေတဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး သုံးသပ်ပြတာပေါ့။

မေး- သူသဘောမကျဘူးပေါ့။

“တော်လှန်ရေးကို သစ္စာဖောက်တဲ့ လုပ်ရပ်တွေပဲလို့၊ အဲ့ဒီ့လို ကျနော့်ကို သူပြောတယ်။

မေး- သူသဘောမကျဘူးပေါ့။ အခုသွားနေတဲ့ လမ်းကြောင်းကို ။

“ဟုတ်တယ်။ သူ သဘောမကျဘူး။”

ဗိုလ်ချုပ်ကြီး တာမလာဘောဟာ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌအဖြစ်နဲ့ ဗဟိုကော်မီတီသက်တမ်းတစ်ခု ၄ နှစ်ကြာ တာဝန်ယူခဲ့ပြီးနောက် အသက်အရွယ် ကြီးရင့်လာပြီဖြစ်တဲ့အတွက် သူ့အနေနဲ့ ဥက္ကဋ္ဌ ရာထူးကနေ အနားယူတော့မယ့် အကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းမှာ ကျင်းပတဲ့ ၁၅ ကြိမ်မြောက် KNU ကွန်ဂရက်မှာ တရားဝင်တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး တာမလာဘော ကွယ်လွန်သွားတဲ့အတွက် KNU ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ ဝမ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ပြီး ဈာပန အခမ်းအနားကိုတော့ အဖွဲ့အစည်းအနေနဲ့ရော၊ ဘာသာရေးထုံးစံအရပါ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။