ဂျာမနီဈေးပွဲတော် တိုက်ခိုက်သူနောက်ကြောင်း တာဝန်ရှိသူတွေ ထုတ်ပြန်

ဂျာမနီနိုင်ငံအလယ်ပိုင်း Magdeburg မြို့မှာ ကားနဲ့ တိုက်ခိုက်ခံရပြီး သေဆုံးသွားသူများအတွက် လွှမ်းသူပန်းခြင်းများ (Photo by Ronny HARTMANN / AFP)

ဂျာမနီနိုင်ငံက ခရစ္စမတ် ဈေးရောင်းပွဲတော်ကို ကားနဲ့ဝင်တိုက်ခဲ့သူနဲ့ ပတ်သက်လို့ မနှစ်က သတိပေးတိုင်ကြားချက် လက်ခံရရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပြောပါတယ်။ သေဆုံးသွားသူ ၅ ဦးနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ထပ်ထွက်လာချိန်မှာဘဲ တာဝန်ရှိသူတွေက အဲဒီလို ပြောကြားလိုက်တာပါ။

မနှစ် နွေရာသီအကုန်ပိုင်းလောက်မှာ လက်ခံရရှိခဲ့တဲ့ တိုင်ကြားချက်ကို တခြားတိုင်ကြားချက်တွေနည်းတူ အလေးထားဆောင်ရွက်ခဲ့ကြောင်း ဂျာမနီ ရွေ့ပြောင်းအခြေချနေထိုင်မှုနဲ့ ဒုက္ခသည်များဆိုင်ရာရုံးက X လူမှုကွန်ယက်မှာ ဒီကနေ့ ရေးသားထားတာပါ။ ဒါပေမယ့် သူတို့ဌာနက စုံစမ်းစစ်ဆေးမှုတွေ လုပ်ပိုင်ခွင့်မရှိတဲ့အတွက် လုပ်ထုံးလုပ်နည်းအရ တခြားသက်ဆိုင်ရာဌာနတွေကို ထပ်ဆင့်အသိပေး အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၀ ရက်၊ ပြီးခဲ့တဲ့ သောကြာနေ့က ကားနဲ့ ဝင်တိုက်ခံရမှုကြောင့် သေဆုံးသွားသူ ၅ ဦးထဲမှာ အသက် ၄၅ နှစ်ကနေ ၇၅ နှစ်အကြား အမျိုးသမီး ၄ ဦးနဲ့ ၉ နှစ်အရွယ် ယောကျ်ားလေးတဦးတို့ ဖြစ်တယ်လို့ အခင်းဖြစ်သွားခဲ့တဲ့ ဂျာမနီနိုင်ငံအလယ်ပိုင်း Magdeburg မြို့က ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ၂၀၀ လောက် ရှိခဲ့တဲ့ထဲမှာ ၄၁ ယောက်ကတော့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ တာဝန်ရှိသူတွေက မနေ့ စနေနေ့က ပြောပါတယ်။ သူတို့ကို Magdeburg မြို့က ဆေးရုံမှာအပြင် တခြားမြို့က ဆေးရုံတွေမှာပါ ပို့ဆောင်ကုသပေးနေတယ်လို့ ဆိုပါတယ်။

ကားနဲ့ ဝင်တိုက်ခဲ့သူဟာ ဂျာမနီနိုင်ငံကို ၂၀၀၆ ခုနှစ်ကတည်းက ရောက်ရှိနေပြီး အမြဲတမ်း နေထိုင်ခွင့်ရရှိထားသူ ဆော်ဒီအားရေးဗီးယား နိုင်ငံသား ဆရာဝန်တဦး ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မနေ့ စနေနေ့ကတော့ အဲဒီ ယာဉ်တိုက်မှု ကျူးလွန်ခဲ့သူလို့ သံသယရှိခံထားရသူ ဆော်ဒီအာရေးဗီးယား နိုင်ငံသားကို ရုံးထုတ်ခဲ့တာမှာ သူ့အပေါ် စွဲချက်တွေမတင်ခင် ဖမ်းဆီးချုပ်နှောင်ထားဖို့ တရားသူကြီးက အမိန့်ချမှတ်ခဲ့ပါတယ်။