ယူကရိန်း အရေး မော်စကိုဆွေးနွေးပွဲ ပြီးဆုံး

ဂျာမနီဝန်ကြီးချုပ်၊ ရုရှားသမ္မတ၊ ပြင်သစ် သမ္မတတို့ မော်စကိုမှာ တွေ့ဆုံ။ (ဖေဖော်ဝါရီ ၆-၂၀၁၅)

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ပြင်သစ်၊ ဂျာမနီ ခေါင်းဆောင်တွေ တွေ့ဆုံပြီး ယူကရိန်းပဋိပက္ခအတွက် ငြိမ်းချမ်းရေးဆိုင်ရာ အဆိုပြုချက်တရပ်အပေါ် ဆွေးနွေးပွဲ အဆုံးသတ်သွားပြီလို့ ရုရှားနိုင်ငံကပြောပါတယ်။ သောကြာနေ့ ညပိုင်းက ဆွေးနွေးပွဲ ဟာ အပြု သဘောဆောင်တယ်လို့ မစ္စတာ ပူတင်ရဲ့ ပြောခွင့်ရ တဦးက စနေနေ့ အစောပိုင်းမှာ ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။

အခုဆွေးနွေးပွဲပြီးတဲ့နောက် ရုရှားခေါင်းဆောင်က ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်းကိုးကို တယ်လီဖုန်းကတဆင့် ဆက်သွယ် စကားပြောမှာဖြစ်သလို ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ်၊ ပြင်သစ်သမ္မတ ဖရွန်ဆွာ အော်လန်းဒ်တို့နဲ့ လည်း တနင်္ဂနွေနေ့မှာ နောက်ထပ် ဆက်သွယ်မယ်လို့ ရုရှားသမ္မတရဲ့ ပြောခွင့်ရက ပြောပါတယ်။

သူနဲ့ မစ္စတာအော်လန်းဒ်တို့နှစ်ယောက် မစ္စတာပူတင် ကို တင်ပြမယ့် အစီအစဉ်ဟာ ဥရောပတိုက်ငြိမ်းချမ်းရေးကို ကာကွယ်ဖို့ ရည်ရွယ် တာဖြစ်တယ် လို့ မော်စကိုမြို့တော်မှာလုပ်တဲ့ ဆွေးနွေးပွဲမတိုင်ခင် မစ္စမာကဲလ်ကပြောပါတယ်။

အခုပဋိပက္ခအတွက် ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာ နယ်မြေပိုင်ဆိုင်မှုအပေါ် အခြေခံတဲ့ အဖြေသစ်ဖြစ်တယ်လို့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး မစ္စတာအော်လန်းဒ်က ကြာသပတေးနေ့မှာပြောပါတယ်။ ဒီအစီအစဉ်ဟာ အပစ်အခတ်ရပ်စဲရေး မျှော်လင့်ချက်ကို တိုးလာစေတယ်လို့ မစ္စတာပိုရိုရှန်းကိုးက ပြောပါတယ်။