ဂရိငွေကြေးပြဿ နာ ညှိနှိုင်းဖို့ ဂျာမန်လွှတ်တော် ဆုံးဖြတ်

ဂျာမန်လွှတ်တော်။

ဂရိနိုင်ငံအတွက် တတိယအကြိမ် ဘဏ္ဍာရေး အကူအညီ ပေးအပ်ရေး ဆွေးနွေး ညှိနှိုင်းဖို့ ဂျာမန်လွှတ်တော်က ဒီကနေ့ တခဲနက် မဲခွဲဆုံးဖြတ်လိုက်ကြပါတယ်။ အရေးပေါ် အကူအညီပေးရေး အစီအစဉ်နဲ့ ပတ်သက်လို့ အသေးစိတ် ဆွေးနွေးဖို့ အစိုးရရဲ့ အဆိုပြုချက်ကို အောက်လွှတ်တော်မှာ ထောက်ခံမဲ ၄၃၉ မဲ၊ ကန့်ကွက်မဲ ၁၁၉ မဲ၊ ကြားနေမဲ ၄၀ နဲ့ အတည်ပြု လိုက်တာပါ။

ဂရိနိုင်ငံအတွက် ဘဏ္ဍာရေးအကူအညီ ပေးအပ်ရာမှာ အများဆုံးထည့်ဝင်ထားတဲ့ ဂျာမနီနိုင်ငံက ဂရိနိုင်ငံအနေနဲ့ အပြန်အလှန်အနေနဲ့ အသုံး စရိတ်တွေဖြတ်တောက်ပြီး၊ အခွန်တွေ တိုးမြှင့်ကောက်ခံဖို့ တလျှောက် လုံး တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဂရိနိုင်ငံက လတ်တလော ပေးစရာ ရှိနေတဲ့ အကြွေးတွေ ပြန် ဆပ်နိုင်အောင် ရေတိုချေးငွေပေးဖို့နဲ့ ၅ နှစ်အတွင်း တတိယအကြိမ်အဖြစ် ၃ နှစ်ကာလအတွက် ဒေါ်လာ ၉၄ ဘီလီယံ အကူအညီပေးအပ်ရေး ဆွေးနွေးဖို့ ဥရောပ ဘဏ္ဍာရေး ဝန်ကြီးတွေ မနေ့တုန်းကပဲ သဘောတူခဲ့ကြတာပါ။

ဂရိနိုင်ငံရဲ့ နိုင်ငံတကာကြွေးရှင်တွေက တောင်းဆိုထားတဲ့အတိုင်း ခြိုးခြံချွေတာရေး ပြုပြင်ပြောင်းလဲမှုတွေကို ဂရိလွှတ်တော်အမတ်တွေ မနေ့အစောပိုင်းက အတည်ပြုခဲ့ပြီး နာရီပိုင်း အကြာမှာပဲ ယူရိုငွေကြေးအဖွဲ့ဝင် ၁၉ နိုင်ငံက ဘဏ္ဍာရေးဝန်ကြီးတွေဘက်က တုန့်ပြန်ဆောင်ရွက်ခဲ့ကြ တာလည်း ဖြစ်ပါတယ်။

ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Jean-Claude Juncker ကတော့ ဥရောပဗဟိုဘဏ်ကို ဂရိနိုင်ငံက ပေးစရာရှိနေတဲ့ ဒေါ်လာ ၄.၆ ဘီလီယံကို တနင်္လာနေ့မှာ ပြန် ဆပ်နိုင်အောင် ရေတိုချေးငွေပေး မယ့်အကြောင်း ပြောဆိုခဲ့ပေမဲ့၊ ဘယ်လောက် ပမာဏပေးမယ် ဆိုတာတော့ မပြောပါဘူး။ ဂရိနိုင်ငံအတွက် ဘဏ္ဍာရေး အကူအညီတွေ ရရှိတော့မယ့် အချိန်မှာပဲ၊ မကြာခင်ရက်တွေအတွင်း ဝန်ကြီးချုပ် Alexis Tsipras ဟာလည်း သူ့အစိုးရအဖွဲ့ကို ပြန်လည် ဖွဲ့စည်းလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။