စစ်အေးကာလ နှစ်ပေါင်း ၃၀ နီးပါး အရှေ့နဲ့ အနောက်ဂျာမနီကို ပိုင်းခြားထားတဲ့ ဘာလင်တံတိုင်းကြီးကို ဖြိုချနိုင်ခဲ့တာ ဒီနေ့ ၃၅ နှစ်ပြည့်သွားပါပြီ။ ကမ္ဘာပေါ်မှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေ ခြိမ်းခြောက်ခံနေရချိန်မှာ လွတ်လပ်မှုရဲ့ ပြယုဂ်တခု ဖြစ်ခဲ့တဲ့ ဘာလင်တံတိုင်းကြီးကို ဖြိုဖျက်နိုင်ခဲ့မှု နှစ်ပတ်လည် အခမ်းအနားတွေကို ဂျာမနီမှာ ဒီနေ့ စနေနေ့မှာ ကျင်းပနေကြပါတယ်။
ယူကရိန်းစစ်ပွဲအပါအဝင် ကမ္ဘာမှာ ဒီမိုကရေစီ အားလျော့လာနေပြီလားဆိုတဲ့ စိုးရိမ်မှုတွေကြားမှာ “လွတ်လပ်ခွင့်ကို ထိန်းသိမ်း ကြ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီနှစ် အထိမ်းအမှတ် အခမ်းအနားတွေကို ကျင်းပကြတာ ဖြစ်ပါတယ်။
လွတ်မြောက်မှု လိုလားတဲ့ စံနမူနာထားစရာ ၁၉၈၉ ခုနှစ်က ဖြစ်ရပ်ကို ပေါ့ပေါ့တန်တန် တန်ဖိုးမထားလို့ မရဘူးလို့ ဂျာမဏီဝန်ကြီးချုပ် Olaf Scholz က ပြောကြားခဲ့ပါတယ်။ ဂျာမနီမှာ ၃ ပါတီဖွဲ့ထားတဲ့ ညွန့်ပေါင်းအစိုးရ ပြိုပျက်သွားခဲ့လို့ အစိုးရသစ် ပြန်ဖွဲ့ရမယ့် အခြေအနေ ကြုံနေချိန်မှာ ဝန်ကြီးချုပ်က အခုလို ပြောကြားခဲ့ပါတယ်။
ပျက်စီးနေတဲ့ ဘာလင်တံတိုင်းကြီးရှေ့မှာ ကျင်းပတဲ့ အခမ်းအနားကို ဂျာမဏီသမ္မတ Frank Walter Steminmeir က ဦးဆောင်ခဲ့ပြီး အရှေ့ဂျာမနီကနေ လွတ်မြောက်ဖို့ အနောက်ဂျာမနီကို ကြိုးစားထွက်ပြေးရင်း သေဆုံးခဲ့ကြသူတွေကို ဂုဏ်ပြုခဲ့ပါတယ်။ ဒီအခမ်းအနားကို ကမ္ဘာအနှံ့က ဒီမိုကရေစီရေး လှုပ်ရှားသူတွေကိုလည်း ဖိတ်ကြားခဲ့သလို ရုရှားအစိုးရကို ဆန့်ကျင်တဲ့ Pussy Riot အမျိုးသမီး တေးဂီတအဖွဲ့ ပါဝင်တဲ့ ဖျော်ဖြေပွဲတွေလည်း ပါဝင်ခဲ့ပါတယ်။
၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ ဂျာမဏီနိုင်ငံကို နှစ်ပိုင်းပိုင်းထားတဲ့ ဘာလင်အုတ်တံတိုင်းကြီးကို ပြည်သူ့အင်အားနဲ့ ဖြိုချနိုင်ခဲ့ကြပါတယ်။ ဘာလင်တံတိုင်းကြီး ပြိုကျသွားခဲ့ပြီး ၁ နှစ်အကြာမှာ အရှေ့နဲ့ အနောက်ဂျာမနီ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပြီး အရှေ့ဂျာမနီက ပြည်သူတွေ လွတ်လပ်မှု အရသာကို တန်းတူခံစားနိုင်ခဲ့ကြပါတယ်။ အရှေ့ဂျာမနီကို အုပ်ချုပ်တဲ့ ဆိုဗိယက်ပြည်ထောင်စုလည်း တံတိုင်းကြီးကို ဖြိုနိုင်ခဲ့ပြီး ၃ နှစ်နီးပါးအကြာမှာပဲ ပြိုကွဲသွားခဲ့ပါတယ်။