ဂျာမနီကမ္ဘာ့ဖလား ချန်ပီယံဖြစ်

၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီအသင်း အောင်ပွဲခံစဉ်။ (ဂျူလိုင် ၁၃၊ ၂၀၁၄)

၂၀၁၄ ကမ္ဘာ့ဖလားကို ဂျာမနီက အနိုင်ရပြီး ကမ္ဘာ့ချန်ပီယံဖြစ်သွားပါပြီ။ ရီယိုဒီ ဂျနေရိုမြို့က မာရာကနာကွင်းမှာ ဂျာမနီနဲ့ အာဂျင်တီးနားတို့ တနင်္ဂနွေနေ့က ကစားကြတာမှာ မိနစ် ၉၀ ပြီးတဲ့အထိ ဂိုးမရှိ သရေဖြစ်နေခဲ့ပါတယ်။ အချိန်ပိုဒုတိယပိုင်း ၁၁၂ မိနစ်ကျတော့မှ ဂျာမနီအသင်းက Gotze က အနိုင်ဂိုးသွင်းပြီး ဗိုလ်စွဲသွားတာပါ။

ဂျာမနီအတွက်တော့ ဒါဟာ ကမ္ဘာ့ဖလားကို ၄ ကြိမ်မြောက် ဗိုလ်စွဲတာလည်းဖြစ်ပါတယ်။

ဒီပွဲမှာ ဂျာမနီက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားသွားခဲ့ပေမယ့် အာဂျင်တီးနားက ခံစစ် အသေပိတ်ပြီး တန်ပြန်တိုက်စစ်နဲ့ ကစားတာကြောင့် ဂျာမနီ ထင်သလောက် အခွင့်အရေးတွေ မရခဲ့ပါဘူး။ ပထမပိုင်းမှာ ၂၁ မိနစ်မှာ ဂျာမနီအသင်းရဲ့ အမှားကနေ ရတဲ့ဘောလုံးကို အာဂျင်တီးနား ရှေ့တန်းလူ Gonzalo Higuain ဂိုးသမားနဲ့ တစ်ယောက်ချင်း ကန်ရပေမယ့် ဂိုးမဝင်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှာ အီဂွါရင်း ၁ ဂိုးသွင်းခဲ့ပေမယ့် လူကျွံနေတာကြောင့် ဂိုးမရခဲ့သလို မက်ဆီနဲ့ Palacios တို့ ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ပြီး အပိုင်ကန်သွင်းခွင့်တွေရခဲ့ပေမယ့် ဂိုးဝင်အောင် မသွင်းနိုင်ခဲ့ကြပါဘူး။

အာဂျင်တီးနားအသင်းက Lionel Messi နဲ့ ဂျာမန်အသင်းက Mats Hummels

ဒါ့အပြင် ဂျာမနီဘက်က Howedes ခေါင်းတိုက်တာ တိုင်ထိခဲ့သလို Klose နဲ့ Schurrle တို့ ဂိုးသွင်းတာတွေကို အာဂျင်တီးနားဂိုးသမား ကာကွယ် သွားခဲ့ပါတယ်။ ဂျာမနီအတွက် ၁ လုံးတည်းသော အနိုင်ဂိုးကိုတော့ အချိန်ပို ၁၁၂ မိနစ်မှာတော့ ဂျာမနီ ဘယ်ဝင်းက Schurrele တင်ပေးလိုက်တဲ့ဂိုး ဒုတိယပိုင်းကျမှ လူစားဝင်လာတဲ့ ဂျာမနီရှေ့တန်းလူ Gotze က ရင်ဘတ်နဲ့ ထိန်းပြီး ဘယ်ခြေနဲ့ ကန်သွင်းသွားပြီး ဂျာမနီက အနိုင်ရသွားတာပါ။

ကမ္ဘာ့ဖလား ချန်ပီယံဖြစ်မယ့် တလုံးတည်းသော ဂိုးကို သွင်းခဲ့တဲ့ ဂျာမနီအသင်းသား Mario Goetze

ဒါဟာ ကမ္ဘာ့ဖလားသမိုင်းတလျှောက်မှာ လူစားဝင်လာတဲ့သူရဲ့ ဂိုးနဲ့ နိုင်တာလည်း ပထမဆုံးဖြစ်ပါတယ်။ ဂျာမနီက ဒီပွဲနိုင်လိုက်တဲ့အတွက် အမေရိကမြေမှာ အမေရိကတိုက်ပြင်ပက ပထမဆုံးအနိုင်ရတဲ့အသင်းလည်းဖြစ်သွားပါတယ်။

ဘရာဇီးကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကိုတော့ အာဂျင်တီးနားတိုက်စစ်မှူး လီယိုနယ်လ်မက်ဆီက ရသွားပြီး အကောင်းဆုံး ဂိုးသမားဆုကိုတော့ ဂျာမနီဂိုးသမား Manuel Neuer က ရသွားခဲ့ပါတယ်။ ဂိုးအများဆုံးသွင်းတဲ့ ရွှေဖိနပ်ဆုကိုတော့ ကိုလံဘီယာတိုက်စစ်မှူး James Rodriguez က ရသွားပါတယ်။

ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲ မှတ်တမ်းဓာတ်ပုံများ