မြန်မာနိုင်ငံမှာ HIV ဝေဒနာရှင် ၂ သိန်းနီးပါးရှိ

UNAIDS ကုလသမဂ္ဂဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ HIV ရောဂါပိုးရရှိနေကြသူ သန်းပေါင်းများစွာကို အသက်ကယ်နိုင်မယ့်ဆေးဝါးတွေပေးနိုင်ရင် ၂၀၃၀ခုနှစ်မှာ AIDS ရောဂါကူးစက်ပြန့်ပွားမှာကို အဆုံးသတ်ဖို့ ဆောင်ရွက်နိုင်မယ့်အလားအလာရှိတယ်လို့ ဖေါ်ပြထားပါတယ်။ ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်း ဖေါ်ပြထားပါတယ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ နောက်တပတ်အတွင်းကျင်းပမယ့် နိုင်ငံတကာ AIDS ညီလာခံကြီးမတိုင်ခင် ဒီအစီရင်ခံစာကိုထုတ်ပြန်လိုက်တာပါ။ ဗွီအိုအေသတင်းထောက် Lisa Schlein ရဲ့ သတင်းပေးပို့ချက်ကို အခြေခံပြီး မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

GAP လို့ ခေါင်းကြီးတတ်ထားတဲ့ UNAIDS ရဲ့ ဒီနှစ်အစီရင်ခံစာမှာ HIV ရောဂါပိုးအသစ် ရရှိကြသူတွေရဲ့ အရေအတွက်ကို လျော့ကျအောင်လုပ်ဆောင်တာနဲ့ AIDS ရောဂါသည်တွေကို အသက်ရှင်နေထိုင်စေဖို့ လုပ်ဆောင်ရာမှာ ကြီးမားတဲ့ တိုးတက်မှုတွေ ရရှိခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်မှာ ကမ္ဘာတဝှမ်းမှာ ခန့်မှန်းခြေ လူ ၃၅ သန်းဟာ HIV ပိုးရရှိနေပြီး ၂ ဒဿမ ၁ သန်းဟာ ရောဂါပိုးအသစ် ရရှိသူတွေ ဖြစ်ကြတဲ့အပြင် AIDS ရောဂါကြောင့် သေဆုံးသူပေါင်း ၁ ဒဿမ ၅ သန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

အာဖရိကတိုက် ဆဟာရအောက်ပိုင်းဒေသမှာ HIV ရောဂါပိုးနဲ့ အသက်ရှင်နေထိုင်ကြသူတွေ အများဆုံးဖြစ်ပြီးတော့ ဒုတိယအများဆုံးကတော့ အာရှနဲ့ ပစိဖိတ်ဒေသ ဖြစ်ပါတယ်။ HIV ရောဂါပိုး ရှိနေသူတွေအနက် လူ ၁၃ သန်းဟာ ATR လို့ခေါ်တဲ့ ဆေးဝါးကို မှီဝဲနေကြရတာ တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့လို့လည်း ဒီအသက်ရှင်နေထိုင်စေမယ့် ဆေးဝါးတွေကို လက်လှမ်းမမှီကြတဲ့ လူ သန်းပေါင်းများစွာတို့ ရှိနေကြဆဲဖြစ်တဲ့အကြောင်း သူတို့တွေဟာ ဆင်းရဲမွဲတေကြလို့၊ ရာဇဝတ်မှု ကျူးလွန်သူတွေဖြစ်လို့၊ ခွဲခြားဆက်ဆံခံရလို့ စတဲ့ အကြောင်းတွေကြောင့် အခုလို ဆေးဝါးကုသခွင့် မရကြဘူးလို့ ဆိုပါတယ်။ အဲ့ဒီလူတွေထဲမှာ လိင်တူခြင်းဆက်ဆံတဲ့ ယောကျာ်းတွေ၊ လိင်အင်္ဂါပြောင်းသူတွေ၊ ပြည့်တန်ဆာလုပ်ငန်းမှာ လုပ်ကိုင်ကြသူတွေ၊ အကျဉ်းသားတွေနဲ့ ဆေးထိုးအပ် သုံးစွဲတဲ့ မူးယစ်ဆေးစွဲသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဒီလိုလူတွေဟာ မျက်မှောက်ခေတ်မှာ HIV ရောဂါပိုးရနေတာကို ကိုယ်တိုင်မသိကြတဲ့ လူ ၃၅ သန်းအနက် ၁၉ သန်းရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း UNAIDS အမှုဆောင် ဒါရိုက်တာ Michel Sidibe က ဒီလူတွေဟာ ဆေးဝါးကုသမှု ခံယူဖို့ ကြိုးစားကြမှာ မဟုတ်တဲ့အတွက် HIV/AIDS ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းမှုတွေ အဟန့်အတားဖြစ်စေတယ်လို့ ဆိုပါတယ်။

“ရောဂါရနေကြသူတွေကို အရင်ဦးစွာ လုပ်ဆောင်ပေးပြီး ဒီကွာဟချက်ကို ကျဉ်းအောင် မလုပ်နိုင်သ၍တော့ AIDS ရောဂါ ကူးစက်ပြန့်ပွားမှုဟာ ဆုံးခန်းတိုင်မှာ မဟုတ်ပါဘူး။ ဒီအစီအရင်ခံစာဟာ လျစ်လျူရှု ခံနေကြရသူတွေနဲ့ ပတ်သက်လို့ အကောင်းဆုံး တင်ပြနိုင်တဲ့ စာရင်းဇယား အချက်အလက်တွေပါပဲ။ HIV ရောဂါပိုး ရနေကြသူတွေဖြစ်တဲ့ လူ ၁၉ သန်းတို့ဟာ သူတို့ရောဂါ အခြေအနေအကြောင်း မသိကြဘူးဆိုရင် သေကြဖို့ပဲ ရှိပါတယ်။ သူတို့ရောဂါ အခြေအနေအကြောင်းကို သိလာကြပြီး ဆေးကုသမှု ခံယူရင် လူ့ဘဝသက်တမ်းစေ့ နေနိုင်သွားကြမှာ ဖြစ်ပါတယ်။”

HIV ရောဂါပိုး ရှိနေကြသူ သန်းပေါင်းများစွာကို ၂၀၂၀ မှာ ART ဆေးဝါး မှီဝဲခွင့်ရအောင် လုပ်နိုင်ရင် ၂၀၃၀ မှာ ဒီရောဂါ ကူးစက်ပြန့်ပွားမှုကို အဆုံးသတ်နိုင်အောင် ကမ္ဘာကြီးအနေနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ဒေါက်တာ Sidibe က ပြောပါတယ်။

UNAIDS ရဲ့ ဒီနှစ် အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း ဖော်ပြထားပါတယ်။ ၂၀၀၅ ခုနှစ်မှာ HIV/AIDS ရောဂါ ဖြစ်နေသူဦးရေ ၂ သိန်းကျော်ရှိခဲ့ပြီး၊ ၂၀၁၃ ခုနှစ်မှာ ၁ သိန်း ၉ သောင်းကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အရွယ်စုံ သေဆုံးသူဦးရေဟာ ၂၀၀၅ ခုနှစ်မှာ ၁ သောင်း ၅ ထောင်ရှိခဲ့ပြီး၊ ၂၀၁၃ ခုနှစ်မှာ ၁ သောင်း ၁ ထောင် ရှိတယ်လို့ ဆိုပါတယ်။ ဒီအစီရင်ခံစာအရ မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါ ဖြစ်ပွားမှုနှုန်းဟာ ၀ ဒဿမ ၆ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ HIV ပိုးနဲ့ အသက်ရှင်နေထိုင်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်ဦးရေဟာ ၄ ထောင်ကနေ ၅ ထောင်ကြားမှာ ရှိနေပါတယ်။ အဲဒီအထဲမှာ ARV ဆေးရရှိသူ ၃၆၀၆ ယောက်ရှိပြီး၊ အသက် ၁၄ နှစ်အရွယ် HIV ပိုးရှိနေတဲ့ ကလေးတွေထဲက ဆေးရရှိတဲ့ အရေအတွက်ဟာ ၄၉၂၅ ယောက် ရှိပါတယ်။

မြန်မာနိုင်ငံမှာ HIV ပိုးရောဂါ ကူးစက်မှုနှုန်း လျော့ကျမသွားတာဟာ ဒီရောဂါနဲ့ပတ်သက်လို့ အသိပညာ နည်းပါးနေသေးတာကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ လူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဌ ကိုရှိုင်းက ဗွီအိုအေကို ပြောပါတယ်။

“အခု လူငယ်တွေ တော်တော်များများဆိုရင် ကူးစက်တဲ့နည်းလမ်းတွေကို သိတယ်။ ဒါပေမဲ့ ဒီနည်းလမ်းတွေကနေပြီးတော့မှ သူ့ရဲ့အသေးစိတ်ကို သေချာမသိတဲ့အခါကျတော့ သူတို့ ဂရုမထားကြဘူး။ ဒါတွေက ထပ်ပြီးတော့ ကူးစက်မှုနှုန်းကို ပိုပြီးတော့ မြင့်စေတယ်ပေါ့နော်။ အဲတော့ ကျနော့်အနေနဲ့ကတော့ ကျနော်တို့အဖွဲ့ကနေ ဒီတနိုင်ငံလုံးနီးပါးနဲ့ လုပ်နေတဲ့အခါမှာ အခု တော်တော်များများ အခုနောက်ပိုင်း လူငယ်တွေမှာ အဖြစ်ပိုများလာတာတွေကို ကျနော်တို့ တွေ့ရတယ်။ အထူးသဖြင့် ဒီ sex နဲ့ပတ်သက်လို့ သူတို့မှာ sex ကနေပြီးတော့ HIV ကူးစက်မယ်ဆိုတဲ့ အသိရှိပေမဲ့ တကယ့် လက်တွေ့ကျင့်သုံးမှုတွေ မရှိလာဘူးဆိုတာကို သွားတွေ့ရတယ်ပေါ့။”

သူ့အနေနဲ့ HIV/AIDS ရောဂါကာကွယ်တိုက်ဖျက်ရေးအစီစဉ်မှာ ဆောင်ရွက်လာတဲ့ သက်တမ်း (၁၇)နှစ်အတွင်း အမျိုးသမီးတွေကို ရောဂါကူးစက်တဲ့နှုန်းဟာ ပိုပြီးများလာတာတွေ့ရတယ်လို့ ကိုရှိုင်းက ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လိင်တူခြင်းဆက်ဆံမှုနှုန်း များလာတာဟာ ရောဂါကူးစက်မှုနှုန်းကို ပိုပြီး တိုးလာစေတယ်လို့လည်း ပြောပါတယ်။

“အဲတော့ ဒီလို လိင်တူဆက်ဆံတဲ့သူတွေ များပြားလာတဲ့အပေါ်မှာ ခုနပြောတဲ့ awareness မှာ အားနည်းနေတဲ့အခါကျတော့ သူတို့ကြားထဲမှာ HIV ပိုး ကူးစက်မှုနှုန်းဟာလည်း တနည်းအားဖြင့် အရှိန်တက်လာတာကို ကျနော်တို့ သွားတွေ့နိုင်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးတွေမှာဆိုရင် အမျိုးသား လိင်လုပ်သားတွေကလည်း အခု ရှိလာပါပြီ။ ရှိလာတဲ့အခါကျတော့ အဲ့ဒီမှာ သူတို့က ဒီ awareness မရှိတဲ့အပေါ်မှာ အဲ့ဒီကနေပြီးတော့မှ ဒီလိင်လုပ်သားတွေပေါ်မှာရော၊ နောက် သူတို့နဲ့အတူတူ ဆက်ဆံတဲ့ သူတွေမှာရော HIV ပိုး ကူးစက်မှုနှုန်းထားတွေ မြင့်လာတာကို တွေ့ရတယ်။”

မြန်မာအစိုးရက ရောဂါတိုက်ဖျက်ရေးမှာ အရင်ကထက်စာရင် ပူးပေါင်း ပါဝင် ဆောင်ရွက်လာတယ် ဆိုပေမဲ့ HIV ပိုးကိုထိန်းချုပ်တဲ့ ဆေးဝါးထောက်ပံ့နှုန်းကတော့ အရင်ကထက်စာရင် လျော့ကျသွားတယ်လို့ ကိုရှိုင်းက ပြောပါတယ်။ HIV/AIDS ရောဂါအတွက် သီးသန့် ရန်ပုံငွေ အလုံအလောက် မရှိတာရယ်၊ အဓိက ဆေးဝါးကုသမှုကို ပေးနေတဲ့ နယ်စည်းမခြား ဆရာဝန်များအသင်းကို အကန့်အသတ်တွေ ရှိလာတာကြောင့် ဝေဒနာရှင်တွေအနေနဲ့ ဆေးဝါးတွေကို ပုံမှန်မရတော့ဘူးလို့ ဆိုပါတယ်။