ကန်ထောက်လှမ်းရေးကို သတင်းပေးရပုံ အင်တာနက် ကုမ္ပဏီတွေ ဖော်ထုတ်လို

အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေကို အင်တာနက် သုံးစွဲသူတွေရဲ့ အချက်အလက်တွေ ပေးအပ်ဖို့ ဗဟိုအစိုးရ တရားရုံးအမိန့်နဲ့ ပတ်သက်လို့ အသေးစိတ် ထုတ်ဖော်ပြောဆိုဖို့ Google ကုမ္ပဏီက သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရကို တောင်းဆိုလိုက်ပါတယ်။

Google၊ Facebook နဲ့ Microsoft ကုမ္ပဏီကြီးတွေက သူတို့အနေနဲ့ ပွင့်လင်းမြင်သာမှုရှိတာကို လိုလားပြီး အမေရိကန်အစိုးရအနေနဲ့ အသေးစိတ် ထုတ်ဖော်ပြောဆိုပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ Google ရဲ့ ဥပဒေရေးရာ ဌာနအကြီးအကဲ ဒေးဗစ် ဒရမ်မွန်း (David Drummond) ကတော့ ကုမ္ပဏီအနေနဲ့ကတော့ ဖုံးကွယ်ထားစရာ ဘာမှမရှိတဲ့အကြောင်းလည်း ပြောခဲ့တာပါ။

Google အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အကန့်အသတ်မရှိ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေကို ပေးခဲ့တယ်လို့ သတင်းတွေမှာ ပြောဆိုနေတာဟာလည်း မှန်ကန်မှု မရှိတဲ့အကြောင်း ပြောပါတယ်။

အသေးစိတ် အချက်အလက်တွေကို အစိုးရက ထုတ်ဖော်မပြောဘဲ လျှို့ဝှက်ထားတဲ့ အတွက်ကြောင့်သာ ကောလဟလတွေ၊ ထင်ကြေးပေး ပြောဆိုမှုတွေ ပေါ်ပေါက်ခဲ့ရတာလို့လည်း ဆိုပါတယ်။

အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီကတော့ သတင်းစာတွေကို ပေါက်ကြားခဲ့တဲ့ ထောက်လှမ်းရေး အစီအစဉ်ဟာ PRISM လို့ အမည်ပေးထားပြီး အီးမေးလ်တွေ၊ အင်တာနက် ကုမ္ပဏီတွေက အချက်အလက်တွေကို စုဆောင်းရယူခဲ့တဲ့အကြောင်း ဝန်ခံထားတာပါ။ PRISM အစီအစဉ်နဲ့ တယ်လီဖုန်း ဆက်သွယ်မှု မှတ်တမ်းတွေကို စောင့်ကြည့် ထောက်လှမ်းနေတဲ့ ကိစ္စတွေကိုတော့ အမျိုးသား လုံခြုံရေး အေဂျင်စီရဲ့ ကန်ထရိုက်ဝန်ထမ်း တဦးဖြစ်တဲ့ အက်ဝဒ် စနိုးဒန် (Edward Snowden) က Washington Post နဲ့ Guardian သတင်းစာတွေကို သတင်းပေးခဲ့တာ ဖြစ်ပါတယ်။

လူတဦးချင်းရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို ချိုးဖောက်ပြီး အစိုးရက အကြီးအကျယ် စောင့်ကြည့်နေတဲ့ ကိစ္စဟာ အရေးကြီးတယ်လို့ ယူဆတဲ့အတွက် ဖော်ထုတ်ရတာလို့ ပြောဆိုထားတဲ့ စနိုးဒန် (Snowden) ကတော့ တနင်္လာနေ့က ဟောင်ကောင်မှာရှိတဲ့ ဟိုတယ်ကနေ ထွက်ခွာသွားချိန်ကစလို့ အခုအခါ ဘယ်နေရာမှာ ရောက်နေသလဲ ဆိုတာကိုတော့ မသိရပါဘူး။

အမေရိကန်အစိုးရကတော့ ဒီအစီအစဉ်နဲ့ အကြမ်းဖက် တိုက်ခိုက်မယ့် အစီအစဉ်တွေကို ဟန့်တားနိုင်ခဲ့တဲ့အကြောင်း ပြောဆိုထားတာ ဖြစ်ပါတယ်။