တိုင်းရင်းသားတွေ တင်ပြတဲ့ ဖက်ဒရယ်မူ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ လက်ခံ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲ။ ( Photo Credit to U Nyo Ohn Myint's FB)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက တင်ပြလာတဲ့ ဖက်ဒရယ်ပြည်ထောင်စုမူကို မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့က လက်ခံပြီး သမ္မတ ဦးသိန်းစိန်ကို ဆက်လက်တင်ပြဖို့ သဘောတူညီခဲ့ကြောင်း တိုင်းရင်းသားခေါင်းဆောင် တစ်ဦးကပြောကြားလိုက်ပါတယ်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်အချောသတ်ရေးဆွဲဖို့ နှစ်ဘက် ကိုယ်စားလှယ်တွေဟာ မေလ (၂၁)ရက်နေ့ကနေ (၂၃)ရက်နေ့ထိ သုံးရက်ကြာဆွေးနွေးခဲ့ကြတာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

ဒီဆွေးနွေးပွဲမှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲနိုင်ဖို့အတွက် သဘောတူ စာချုပ် မူကြမ်းအချက်တွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြတာပါ။ အဲ့ဒီ့မှာ အဓိက ဆွေးနွေး သဘောတူခဲ့တဲ့ အချက်တွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ဗွီအိုအေကို အခုလိုပြောပါတယ်။

"ကျနော်တို့ ဆွေးနွေးတာကတော့ အခန်း(၇) ခန်း အကုန်လုံးပေါ့နော်။ အခန်း(၇)ခန်း ဆိုတာက နိဒါန်းကအစ နောက်ပြီးတော့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး မှာ သဘောထားမယ့် အခြေခံမူ၊ တပြည်လုံး အပစ်အခတ်ရပ်စဲတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စ၊ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ အကုန်လုံးပေါ့လေနော်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမူ အာမခံချက်၊ နောက်ပြီးတော့ အထွေထွေ လုပ်ဆောင်ရမယ့်အချက် အကုန်လုံးတော့ ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်။

ဆွေးနွေးတဲ့နေရာမှာကျတော့ ကျနော်တို့ ပထမ ရလာတဲ့ မူကြမ်းအပေါ်မှာ မူတည်ပြီးတော့ နှစ်ဖက်စလုံးကနေပြီးတော့ ပြန်လှန်သုံးသပ်ရမယ်ဆိုတဲ့ စာကြောင်းတွေ၊ အကြောင်းအရာတွေ၊ စကားလုံးတွေကို အကုန်ပြန်ပြီးတော့ သုံးသပ်တော့ ကျနော်တို့ နှစ်ဖက်စလုံးက ဘုံသဘောတူ ထားပြီး ဖြစ်တဲ့ ရေးသားမှုတွေ၊ အချက်အလက်တွေ သဘောတူညီတာ ရှိခဲ့ပါတယ်။"

မေး။ ။ ဟုတ်ကဲ့ ဒီကနေ့ ဆွေးနွေးပွဲမှာ ဖက်ဒရယ် အနစ်သာရ အတိုင်းပေါ့နော်။ ပြည်ထောင်စု ဖွဲ့စည်းဖို့ ဆိုတဲ့ ကိစ္စကို အစိုးရဘက်ကလည်း သဘောတူခဲ့တယ် ဆိုတဲ့ သတင်း ထွက်နေပါတယ်။ အဲ့တာရော ဟုတ် မဟုတ် သိချင်လို့ပါရှင့်။

" ကျနော်တို့ တင်ပြတာကတော့ ဖက်ဒရယ်အနစ်သာရဖြစ်တဲ့ ဒီမိုကရေစီ အမျိုးသားတန်းတူ အခွင့်အရေး တင်ပြခွင့်ဆိုတဲ့ စကားလုံးတွေကို ကျနော်တို့ ဆွေးနွေးဖြစ်တယ်။ ဒါ ဖက်ဒရယ်နဲ့ ကျနော်တို့ ဖက်ဒရယ် မသုံးနိုင်ဘူးဆိုတဲ့ အင်္ဂလိပ်စကားလုံးဖြစ်နေတော့ အနှစ်သာရပါတဲ့ စကားလုံး ကို သုံးဖို့။ ဆိုတာကတော့ သဘောတူတာနဲ့ သူက လက်ခံပြီးတော့ အထက်ကို တင်ပြမယ်ဆိုတဲ့ သဘောကို ရောက်တယ်လေ။ လုံးဝ ငြင်းပယ်တာတော့ မဟုတ်ဘူးနော်။ "

မေး။ ။ နောက်တခုက ဖက်ဒရယ် တပ်မတော်ဖွဲ့စည်းဖို့ဆိုတဲ့ ကိစ္စအပေါ်မှာရော ဘယ်လို ဆွေးနွေးညှိနှိုင်းခဲ့ကြလဲရှင့်။

"ကျနော်တို့ တင်ပြခဲ့တာကတော့ ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စတို့၊ လုံခြုံရေးဆိုင်ရာ ကိစ္စတို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာ ပြောမယ်။ အဲ့တာ သဘောလေနော်။ အဲ့တာတွေတော့ ကျနော်တို့ တင်ပြဆွေးနွေးတာ ရှိပါတယ်။"

ဧပြီလတုန်းက ဆွေးနွေးခဲ့တဲ့ ပထမမူကြမ်းမှာ ပါတဲ့ အခန်း(၇)ခန်းကို အခုဆွေးနွေးပွဲမှာ ထပ်မံ ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ ထူးခြားချက် အနေနဲ့တော့ ဒီဆွေးနွေးပွဲမှာ နှစ်ဖက်စလုံးက ရင်းရင်းနှီးနှီးနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးခဲ့ကြြ့ပီးတော့ ဒီ ဒုတိယ မူကြမ်းကို ဆက်လက် အတည်ပြုနိုင်တဲ့အတွက် တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုပြီးတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ ပြောခွင့်ရ ဦးလှမောင်ရွှေက ဗွီအိုအေကို ပြောပါတယ်။

" အယ် တချို့တော့ ရှိနိုင်ပါတယ်။ ဒါက နှစ်ဖက်ခေါင်းဆောင်တွေ က ပေါင်းပြီးတော့ ဖြေရှင်းဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီဆွေးနွေးပွဲ ကို ရောက်လာတဲ့သူတွေအနေနဲ့က ဆွေးနွေးရင်း၊ ဆွေးနွေးရင်းနဲ့ ပိုနီးစပ်တဲ့ လမ်းကြောင်းတွေ ရှာနိုင်ပေမဲ့ ဆွေးနွေးပွဲကို ရောက်မလာတဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ ဘက်မှာတော့ ဒါကို ပြန်ပြီးတော့ သုံးသပ်ဖို့ ရှိမယ်ထင်ပါတယ်။ ဒါကလဲ ကျနော်တို့ ကျော်လွှားရမှာ တချက်ပဲ။ ကျနော်တို့ အားလုံးကတော့ နောက်တစ်ကြိမ်ဆွေးနွေးပွဲမှာ အားလုံးနီးပါးလောက်ကို ပြီးပြတ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။"

မေလ ၂၁ရက်နေ့ကနေပြီးတော့ မေလ ၂၃ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီက ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ခဲ့ပါတယ်။ နောက်ပြီးတော့ ဒီတိုင်းရင်းသားလက်နက်ကိုင်တွေ အဖွဲ့ကတော့ ဒုတိယအဖွဲ့ခေါင်းဆောင် နံပတ်တစ် ဖဒိုစောကွယ်ထူးဝင်းက ဦးဆောင်ပြီးတော့ ဆွေးနွေးခဲ့ပါတယ်။