မြန်မာနိုင်ငံမှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ရေး ဥပဒေကြမ်းတရပ်ကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက်ပါပြီ။ သမ္မတလက်မှတ်ထိုးပြီးရင် အသက်ဝင်လာမယ့် ဒီဥပဒေကြောင့် ပြည်သူတွေအပေါ် အောက်ခြေအဆင့်က အနိုင်ကျင့်တာတွေ လျော့ပါးသွားတော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်။ အကြောင်းစုံကို မစုမြတ်မွန်က တင်ပြထားပါတယ်။
၁၀ အိမ်စု ကိုယ်စားလှယ်တွေကိုယ်တိုင်က လျာထားတဲ့ အသက် ၂၅ နှစ်ပြည့်ပြီးသူ ရပ်/ကျေး အုပ်ချုပ်ရေးမှူးလောင်းကို တစ်အိမ်ထောင်စုကို တမဲနှုန်းနဲ့ ရွေးချယ်ရမယ့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ရေး ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဥပဒေကြမ်းကို သမ္မတက လက်မှတ်ထိုး အတည်ပြုပြီးသွားတာနဲ့ ဒေသအသီးသီးမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးသစ်တွေကို ပြည်သူတွေက ပြန်လည် ရွေးချယ်ကြရမှာဖြစ်ပါတယ်။ အရွေးခံရတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေအနေနဲ့ လက်ရှိအခြေအနေမှာလို ထင်သလို အရေးယူတဲ့ လုပ်ပိုင်ခွင့် အာဏာတွေ ရှိတော့မှာမဟုတ်ဘူးလို့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေကြမ်းရေးဆွဲရေး ပူးပေါင်းကော်မတီဝင် ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။ ဒီတော့ လက်ရှိတာဝန်ယူနေတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ အသစ်ဖြစ်လာမယ့် အုပ်ချုပ်ရေးမှူးသစ်တွေရဲ့လုပ်ပိုင်ခွင့်တွေ ဘယ်လောက် ကွာသွားတယ်လို့ ပြောနိုင်ပါသလဲ။
“တော်တော်တော့ ကွဲပြားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေမှာ တိတိကျကျ သတ်မှတ်ထားတဲ့ ဥပဒေမရှိပါဘူး။ မရှိတဲ့အတွက်ကြောင့်မိုလို့ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေဟာ တိတိကျကျ ပြောလို့မရဘဲနဲ့ တကြောင်းတခါထ၊ တရွာတပုဒ်စမ်း ဆိုသလိုပဲ လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒီဥပဒေကို ပြဌာန်းပြီးတဲ့အခါကျရင်တော့ ဥပဒေနဲ့အညီပေါ့ လုပ်ဆောင်ရမှာဖြစ်တဲ့အတွက်ကြောင့်မိုလို့ စည်းကမ်းတကျ သတ်မှတ်ထားတာမျိုး ဖြစ်လာပါတယ်။ နောက်ပြီးတော့ ရပ်ရွာလူထုရဲ့ ဆန္ဒနဲ့ ရွေးချယ်ရမှာဖြစ်တယ်။ နောက်တခါ ကျနော်တို့ အဓိက အထူးခြားဆုံးအချက်ကတော့ အခု ဧည့်စာရင်းပေါ့။ ဧည့်စာရင်းစစ်ဆေးတဲ့နေရာတွေမှာ ဧည့်စာရင်းကို ဒဏ်ငွေ ရိုက်တာတွေ တော်တော်များများ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ အခု ကျနော်တို့ အသစ်ပြဌာန်းမယ့် ဥပဒေအရဆိုရင်တော့ ဒီဟာတွေကို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအနေနဲ့ ဆောင်ရွက်လို့ရမှာ မဟုတ်ပါဘူး။ အကယ်၍ ဧည့်စာရင်း တိုင်ကြားဖို့ ပျက်ကွက်တယ်ဆိုရင် ဒါကို သူက မှတ်သားပြီးတော့ အရေးယူချင်တယ်ဆိုရင် သူက အထက်ကို တင်ပြရမှာဖြစ်ပါတယ်။ တင်ပြပြီးတဲ့ အခါကျတော့ မြို့နယ် အုပ်ချုပ်ရေးမှူးကပဲ အရေးယူပိုင်ခွင့် ရှိမှာဖြစ်ပါတယ်။”
လက်ရှိအခြေအနေမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး တော်တော်များများဟာ ငွေကြေးအလွဲသုံးစား လုပ်နေတယ်၊ အာဏာကို အလွဲသုံးစားလုပ်နေကြတယ် ဆိုတာကိုလည်း ဗွီအိုအေ မြန်မာပိုင်း သောတရှင်တွေ ရင်ဖွင့်လာကြလို့ ခဏခဏ ကြားနေသိနေရပါတယ်။ သာယာဝတီဘက်က လယ်သမား တစ်ယောက်ဆိုရင် သူ့တို့ဒေသဘက်မှာ ရပ်/ကျေးတွေ ဘယ်လောက် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်နေလဲ ဆိုတာကို ခုလို ပြောပြပါတယ်၊၊
“ကျနော်တို့ ရပ်ကွက်တွေမှာ အလှူအတန်းတွေလုပ်မယ်၊ အလှူအတန်းတွေဆိုတာမှာလည်း ကထိန်တွေ လုပ်မယ်၊ ဘာတွေလုပ်မယ်ဆိုရင် ကောက်သွားပြီးတော့ ငွေစာရင်းရှင်းတမ်း ပြန်မလာတာမျိုး၊ နောက်ပြီးတော့ ရပ်ကွက်အတွက် အလှူတွေပေါ့။ ဥပမာ၊ လမ်းပြင်မယ်၊ ထရမ်စဖော်မာ လောင်သွားလို့ ပြင်မယ် ဆိုတဲ့ဟာမျိုးမှာ ဒီရှင်းတမ်းပြန်မလာတဲ့ကိစ္စတွေမှာလည်း ဒါက ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေရဲ့ ချစားတဲ့ဥစ္စာ။ ဥပမာဆိုလို့ရှိရင် လယ်သမားတွေရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ အမတော်ကြေးတွေမှာဆိုရင် သူတို့က လယ်ယာမြေ စီမံခန့်ခွဲမှု ဥက္ကဋ္ဌအနေနဲ့ ရှိတဲ့အတွက် သူတို့လိုချင်သလို စီမံခန့်ခွဲလို့ရပါတယ်။ စာရွက်စာတမ်းကြေး ဝန်ဆောင်မှုစရိတ်ကိုလည်း ကောက်ခံချင်သလောက်ကို ပေးရပါတယ်။ ဒါ ကျနော်တို့ လယ်သမားတွေနဲ့ အဓိက ထိတွေ့နေတဲ့ နံပါတ်တစ် အချက်ပေါ့။ နောက် နံပါတ်နှစ်အချက်က ဒီ ရပ်/ကျေးတွေနဲ့ နယ်မြေပိုင်၊ ပြည်သူ့ရဲတပ်ဖွဲ့တွေနဲ့ ပေါင်းပြီးတော့မှ သူတို့ရဲ့ ညွှန်ပြတဲ့အတိုင်းကို တချို့နေရာတွေမှာ ဆုံးဖြတ်တာတွေ လုပ်ဆောင်တာတွေ ရှိပါတယ်။”
ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ ထင်သလို လုပ်နိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့ ဥပဒေသစ် ပေါ်လာမှာကို သူကကြိုဆိုပေမဲ့ ဒီရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ဥပဒေချိုးဖောက် မဖောက် စောင့်ကြည့်တဲ့ အဖွဲ့တွေလည်း ရှိသင့်တယ်လို့ အကြံပြုပါတယ်။
“တကယ်လို့ စောင့်ကြည်တဲ့ ကြည့်ကြပ်ရေးအဖွဲ့ ရှိမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဥပဒေဆိုတာ ကျနော်တို့ အမြဲတမ်း ရှိခဲ့ပါတယ်။ ဟိုတုန်းကလည်း ကောက်ခံရမယ်ဆိုတဲ့ ဥပဒေ မရှိခဲ့ပါဘူး။ ကျနော်တို့ ပြည်သူလူထုအပေါ် မတရားကောက်ခံပေးမယ် ဆိုတဲ့ဥပဒေ မရှိဘဲနဲ့ စောင့်ကြည့်တဲ့အဖွဲ့တွေ မရှိတဲ့အတွက် ကျနော်တို့ဟာ အခွန်အခတွေ ပေးရတယ်၊ ထောက်ခံစာတွေမှာ ပေးရတယ်ဆိုတဲ့ဥစ္စာက ဥပဒေနဲ့ စနစ်တကျ ဥပဒေကိုအသက်ဝင်လာအောင်လို့ စောင့်ကြပ်ပေးပြီးတော့ ကြီးကြပ်ပြီးတော့ လုပ်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့က ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုရမှာဖြစ်ပါတယ်။”
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကတော့ ဒီမိုကရေစီစနစ်မှာ အခြေခံအကျဆုံးဖြစ်တဲ့ ရပ်ကွက်ကျေးရွာ အဆင့်မှာကို ပြည်သူတွေကိုယ်တိုင် ရွေးနိုင်မယ့် အုပ်ချုပ်သူတွေ မကြာခင် ပေါ်လာမှာပါလို့ ဆိုပါတယ်။
“ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေမှာ ဒီမိုကရေစီ နည်းလမ်းတကျ ပြည်သူ့ဆန္ဒ၊ အများဆန္ဒနဲ့အညီ ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။”
ဒီတခါကျင်းပခဲ့တဲ့ လွှတ်တော် အစည်းအဝေးပွဲတွေအတွင်းမှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ် တင်မြှောက်ရေး ဥပဒေမူကြမ်းအပြင် အများစိတ်ဝင်စားနေကြတဲ့ အလုပ်သမား အဖွဲ့အစည်းများ ဥပဒေကြမ်း၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေမူကြမ်းတွေကို လွှတ်တော် နှစ်ရပ်ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီကနေ့ကစပြီး လွှတ်တော် စည်းဝေးပွဲတွေကို ယာယီရပ်နားထားပြီး ပြန်စတဲ့အခါမှာ လယ်ယာမြေ ဥပဒေမူကြမ်း၊ မြေလွတ် မြေလပ်နဲ့ မြေရိုင်း ဥပဒေကြမ်းတွေကို အတည်ပြုနိုင်ဖို့ ဆက်လက် ဆွေးနွေးရမှာဖြစ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။