ဂရိ ဘဏ္ဍာရေးဝန်ကြီး နုတ်ထွက်

ဂရိ ဘဏ္ဍာရေးဝန်ကြီး Yanis Varoufakis

ဒီကနေ့ တနင်္လာနေ့မှာ ဂရိဘဏ္ဍာရေးဝန်ကြီး Yanis Varoufakis ဟာနုတ်ထွက်သွားပါတယ်။ ဂရိနိုင်ငံရဲ့ ငွေကြေးအကြပ်အတည်း ပြေလည်အောင် ချေးငွေချပေးဖို့မှာ အပြန်အလှန်အနေနဲ့ ငွေရှင်တွေ ချမှတ်ထားတဲ့ ခြိုးခြုံချွေတာရေး ဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရေးအတွက် ဆန္ဒခံယူပွဲမှာ ဂရိနိုင်ငံသားတွေက ကန့်ကွက်မဲပေးခဲ့တဲ့နောက် နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာ နုတ်ထွက်သွားတာပါ။

ဂရိ ဘဏ္ဍာရေးဝန်ကြီး Yanis Varoufakis အီးယူ ခြိုးခြံချွေတာရေးအစီအစဉ်ကို ကန့်ကွက်မဲနဲ့ အနိုင်ရပြီးနောက် ကြေညာချက်ထုတ်ပြန်ဖို့ ရောက်ရှိလာစဉ်။ (ဇူလိုင် ၅၊ ၂၀၁၅)

ခြိုးခြံချွေတာရေးတောင်းဆိုချက်တွေအတွက် ထောက်ခံမဲပေးရင် သူနုတ်ထွက်မယ်လို့ ပြောထားတဲ့အတွက် သူအခုလို နုတ်ထွက်သွားတာကို အများက အံ့သြနေကြတာပါ။

ဒါပေမယ့်လည်း ဥရောပငွေကြေးသုံးစွဲတဲ့ နိုင်ငံတွေရဲ့ ဘဏ္ဍာရေးဝန်ကြီးတွေထဲက တချို့က သူနဲ့အဆင်မပြေတဲ့အတွက် သူ့ကို အစည်းအဝေးမှာ မရှိစေချင်တာကို သူသိထားကြောင်း ဒီကနေ့ပဲ ပြောကြားခဲ့ပါတယ်။ အခုလို သူနုတ်ထွက်ရတာဟာ ဂရိရဲ့ကြွေးရှင်တွေနဲ့ ညှိနှိုင်းရာမှာ သဘောတူညီမှုရဖို့ အထောက်အကူရနိုင်တယ်လို့ ဝန်ကြီးချုပ်ကစဉ်းစားတဲ့အတွက် အခုလို နုတ်ထွက်တာဖြစ်ကြောင်းလည်း ပြောပါတယ်။

Varoufakis ဟာ ပြီးခဲ့တဲ့ လတွေအတွင်းမှာ ကြွေးရှင်တွေနဲ့ မကြာခဏ ပြဿနာဖြစ်ခဲ့တာပါ။ ဒါ့အပြင် ဥရောပသမဂ္ဂဟာ ဂရိပြည်သူတွေကို အီးယူလမ်းစဉ်အတိုင်းလိုက်နာစေဖို့ အကြမ်းဖက်ပုံစံနဲ့ ခြောက်လှန့်ဖို့ ကြိုးစားခဲ့တယ်လို့လည်း သူက မကြာခင် ရက်ပိုင်းတုန်းကပဲ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

ဂရိအစိုးရ ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတော့ သိပ်ခက်ခဲတဲ့ အခြေအနေနဲ့ကြုံနေရချိန်မှာ မစ္စတာ Varoufakis ဟာ ဂရိပြည်သူတွေရဲ့ အကျိုးစီးပွါးနဲ့ ဂရိအစိုးရရဲ့အနေအထားကို မြှင့်တင်ဖို့ မပြတ်ကြိုးစားခဲ့တဲ့အတွက် ဝန်ကြီးချုပ် Alexis Tsipras က ကျေးဇူးတင်ကြောင်း ဂရိအစိုးရပြောခွင့်ရ Gabriel Sakellaridis က ပြောပါတယ်။ မစ္စတာ Varoufakis ရဲ့နေရာမှာ အစားထိုးခန့်အပ်မယ့်သူကို တနင်္လာနေ့ နှောင်းပိုင်းမှာ ကြေညာမယ်လို့လည်း ပြောပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ ဆန္ဒခံယူပွဲမှာ ယူရိုငွေကြေးသုံးစွဲတဲ့ နိုင်ငံများအဖွဲ့ကနေ ထွက်ခွါရဖို့ ရှိတယ်ဆိုတဲ့ ဥရောပခေါင်းဆောင်တွေရဲ့ သတိပေးချက်ကို ဂရုမစိုက်ဘဲ ဂရိနိုင်ငံသား မဲပေးသူ ၆၁ ရာခိုင်နှုန်းက ကန့်ကွက်မဲပေးခဲ့ကြတာဖြစ်ပါတယ်။