သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာဖွံ့ဖြိုးစေဖို့အတွက် ကုလသမဂ္ဂ အကြီးတန်း တာဝန်ရှိသူတွေ၊ နိုင်ငံတကာ ပညာရှင်တွေနဲ့ မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကြိုးပမ်းဆောင်ရွက်နေသူတွေ ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဒီကနေ့ ကျင်းပဖို့ ရှိပါတယ်။ အဲဒီအလုပ်ရုံ ဆွေးနွေးပွဲကနေ မြန်မာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍအတွက် နိုင်ငံတကာရဲ့ အကူအညီ အထောက်အပံ့တွေ တိုးပြီးရရှိလာနိုင်မယ်လို့လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူတွေက မျှော်လင့်ထားကြပါတယ်။ အပြည့်အစုံကို ဦးစံမိုးဝေက တင်ပြထားပါတယ်။
သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာရေးအတွက် လုပ်ဆောင်ရမယ့် လိုအပ်ချက်တွေကို ဆွေးနွေးဖို့ Green Economy and Green Growth အလုပ်ရုံဆွေးနွေးပွဲကို ဒီကနေ့ အင်္ဂါနေ့ကစပြီး မြန်မာနိုင်ငံ နေပြည်တော်နဲ့ ရန်ကုန်မှာ ၄ ရက်ကြာ ကျင်းပဖို့ရှိနေပါတယ်။
ဒီ အလုပ်ရုံဆွေးနွေးပွဲကရလာတဲ့ အချက်အလက်တွေကို ဘရားဇီးလ်နိုင်ငံ မြို့တော် ရီရို ဒီ ဂျနေးရိုး မှာ လာမယ့်နှစ်ကျင်းပမယ့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ကုလသမဂ္ဂ အလုပ်ရုံဆွေးနွေးပွဲမှာ တင်ပြ ဆွေးနွေးနိုင်ဖို့ ပြင်ဆင်တာလည်း ဖြစ်ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေးနမ်ဘီးယား၊ နော်ေ၀ သဘာဝပတ်ဝန်းကျင်နဲ့ နိုင်ငံတကာ အကူအညီပေးရေးဝန်ကြီး အပါအဝင် နိုင်ငံတကာနဲ့ ကုလသမဂ္ဂက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေ၊ တာဝန်ရှိသူတွေ တက်ရောက်ကြဖို့ ရှိနေပါတယ်။
ဒီဆွေးနွေးပွဲမှာ သဘာ၀ ပတ်ဝန်းကျင်ကို မပျက်ဆီးစေတဲ့ စိမ်းလန်းစိုပြေစေမယ့် စီးပွားရေးလုပ်ငန်းတွေ ဖြစ်ထွန်းလာရေးအတွက် အစိုးရဘက်က ပြုပြင် ပြောင်းလဲရမယ့် မူဝါဒ၊ အထောက်အပံ့တွေနဲ့ နိုင်ငံတကာကရော ဘာတွေ ကူညီပေးဖို့လိုမလဲ ဆိုတာတွေကို ဆွေးနွေးကြမယ်လို့ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ဖို့ နေပြည်တော်မှာရောက်နေတဲ့ ဒေါက်တာ ဖုန်းဝင်းက အခုလို ပြောပါတယ်။
“မြန်မာပြည်မှာ ဒီလိုမျိုး အစိမ်းရောင်စီးပွားရေး လုပ်ငန်းတွေကို လုပ်လို့ရအောင် ဘယ်လိုအားပေးမလဲ ပေါ့လေ။ မူဝါဒပိုင်းဆိုင်ရာအားဖြင့် ဘယ်လိုအားပေးမလဲ။ ဒီလိုအားပေးလို့ရှိရင် ဆင်းရဲမှုပပျောက်ရေးကို ဘယ်လို အထောက်အကူ ဖြစ်နိုင်မလဲ။ ငွေရေးကြေးရေး ဘယ်လို အကူအညီတွေ လိုအပ်မလဲ၊ ဘယ်လိုဟာမျိုး စီစဉ်ပေးရမလဲ ကျနော်တို့ ဆွေးနွေးမယ်။ ဆွေးနွေးတော့ မြန်မာပြည်က အစိမ်းရောင် စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ မူဝါဒပိုင်းဆိုင်ရာတွေလည်း ပြောကြမှာဖြစ်သလို တကယ့်လက်တွေ့ လုပ်ငန်းမှာ ဘယ်လို ဆောင်ရွက်နိုင်မလဲ ဆိုတဲ့ကိစ္စတွေကိုလည်း ပြောကြမှာဖြစ်တယ်လေ။”
မြန်မာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူတွေကတော့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ပညာရှင်တွေ တက်ရောက်လာကြတဲ့ ဒီအလုပ်ရုံ ဆွေးနွေးပွဲကတဆင့် နိုင်ငံတကာ အထောက်အပံ့တွေလည်း တိုးပြီး ရလာနိုင်မယ်လို့ မျှော်လင့်ထားကြတာပါ။
“အခု လက်ရှိအနေအထားက ရန်ပုံငွေက သူတို့ နည်းနည်းလေးပဲ ရသေးတယ်။ တော်တော်များများက ရန်ပုံငွေ ရမနေဘူး။ ဒီရန်ပုံငွေမရတဲ့အကြောင်းရင်းကတော့ အမျိုးမျိုး ရှိတာပေါ့လေ။ ကျနော်တို့ ပြည်တွင်း ပဋိပက္ခတွေ၊ အပြောင်းအလဲတွေ မလုပ်နိုင်လို့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးလို့၊ နိုင်ငံတကာမှာ ရှိနေတဲ့ ရန်ပုံငွေတွေကို ရယူဖို့နေရာမှာ စီးပွားရေးပိတ်ဆို့မှုတွေက ရှိနေလို့။ ဒီလိုမျိုး အတားအဆီးတွေ ကြောင့်မိုလို့ ကျနော်တို့ ရန်ပုံငွေ မရဘူးပေါ့လေ။”
Green Business လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေတဲ့ စီးပွားရေးလုပ်ငန်းတွေ လတ်တလော မြန်မာနိုင်ငံမှာ လုပ်ကိုင်နေကြတဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဒေါက်တာ ဖုန်းဝင်းက အခုလို ဆက်ပြောပါတယ်။
“စိတ်ပါဝင်စားတဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကတော့ တစ်ဦးချင်းလုပ်တာမျိုးတွေ ရှိတယ်။ အဲဒါက ဘာမျိုးတွေလဲဆိုတော့ organic fertilizer ထုတ်တယ်။ organic fertilizer က ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် ကောင်းတယ်။ ဒါ လုပ်တဲ့သူရှိတယ်။ ပြီးတော့ organic farm တွေပေါ့လေ။ ဒီ organic အသီးအနှံတွေ ထွက်အောင်လို့ ကြိုးစားဆောင်ရွက်နေတဲ့သူတွေ ရှိတယ်။ တချို့တွေကတော့ စီးပွားရေးလုပ်ငန်း အနေနဲ့လုပ်တယ်။ တချို့တွေကတော့ လူမှုရေးလုပ်ငန်းတွေအနေနဲ့ လုပ်တယ်ပေါ့။ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်တော့ မရှိသေးဘူးပေါ့။ နိုင်ငံတော်အနေနဲ့လည်း အားပေးမယ်လို့ပဲ ပြောတယ်။ တကယ့် ပေါ်လစီအားဖြင့် လက်တွေ့ထိရောက်မယ့် ပေါ်လစီတွေတော့ ချမှတ်ထားတာမရှိသေးဘူးပေါ့။”
ဒီ Green Business ထုတ်ကုန်တွေဖြစ်တဲ့ organic သီးနှံတွေ၊ နေရောင်ခြည်သုံး လျှပ်စစ်စွမ်းအား စတာတွေက သာမန်ရိုးရိုး ကုန်ထုတ် လုပ်ငန်းတွေထက် ဈေးကြီး ဈေးမြင့်တာကြောင့် မြန်မာနိုင်ငံလို ဝင်ငွေနည်းလူထု အများစုရှိနေတဲ့ နိုင်ငံမျိုးမှာ ဖွံ့ဖြိုးအောင် လုပ်ဖို့အတွက်က အစိုးရရဲ့ အထောက်အပံ့ပေးမှု အပေါ်မှာ အများကြီး မူတည်ပါတယ်လို့လည်း ဒေါက်တာ ဖုန်းဝင်းက ပြောပါတယ်။
အစိုးရဘက်က organic စိုက်ပျိုးသီးနှံတွေ၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ် စွမ်းအင် ထုတ်လုပ်မှုတွေကို အခွန်လျှော့ချပေးတာမျိုး မူဝါဒပိုင်းဆိုင်ရာ ဖြေလျော့မှုတွေ လုပ်ဆောင်ပေးမှပဲ ဒီ Green Business ထုတ်ကုန်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလာမှာ ဖြစ်တယ်လို့လည်း ထောက်ပြ ပြောဆိုသွားပါတယ်။