နှစ်ပေါင်း ၄၀၀ နီးပါး အသက်ရှည်တဲ့ ဂရင်လန် က ငါးမန်း

Greenland Shark။

Greenland ဒေသက ငါးမန်းတွေဟာ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး ကြောရိုးရှိ သတ္တဝါတွေဖြစ်တယ်လို့ အခုအခါ သိပ္ပံပညာရှင်တွေက ယုံကြည်ကြောင်း ဒီတပတ်ထဲ ထုတ်ပြန်တဲ့ သုတေသနစာတမ်းမှာ ဖေါ်ပြထားပါတယ်။

အလွန်နက်တဲ့သမုဒ္ဒရာထဲ ဖြေးဖြေးချင်းသွားတတ်တဲ့ သတ္တဝါထဲက အကြီးဆုံး တကောင်ဟာပြီးခဲ့တဲ့ ၂နှစ်လောက်ကမှ သေဆုံးသွားခဲ့တာ ဖြစ်ပြီး၊ ရေခဲပြင်ရှိတဲ့ အာတိတ်သမုဒ္ဒရာထဲမှာ အနည်းဆုံး လွန်ခဲ့တဲ့ နှစ်(၄၀၀)လောက် ကတည်းက မွေးဖွားခဲ့တာဖြစ်တယ်လို့ ကြာသပတေးနေ့ထုတ် Science သိပ္ပံဂျာနယ် သုတေသနစာတမ်းက ဆိုပါတယ်။

အဲဒီစာတမ်းအရ သုတေသီတွေဟာ ငါးမန်း ၂၈ ကောင်ကို သုတေသနပြုခဲ့ တာဖြစ်ပါတယ်။ ငါးမန်းရဲ့ မျက်သားလွှာကို ရေဒီယိုကာဘွန်နဲ့ စမ်းသက်ချက်အရ အဲဒီငမန်းရဲ့အသက်ဟာ (၃၉၂)နှစ်ရှိတယ်လို့ ဒိန်းမတ်လူမျိုး အဏ္ဏဝါသိပ္ပံပညာရှင် Julius Nielsen ကပြောပါတယ်။ အဲဒီငါးမန်းတွေရဲ့အသက်ဟာ (၂၇၂)နှစ်ကနေ (၅၁၂)နှစ်ကြားရှင်သန်ဖို့ ၉၅%လောက် သေချာတယ်လို့ဆိုပါတယ်။

ဒီငါးမန်းတွေရဲ့ ကြီးထွားမှုဟာ တနှစ်ကို တစ်စင်တီမီတာတောင် မပြည့်ဘူးလို့လည်း သုတေသနစာတမ်းမှာ ဖေါ်ပြပါတယ်။ ဟိုးအရင်တုန်း ကတော့ အသက်(၂၁၁)နှစ်ရှိတဲ့ ဝေလငါးတကောင် ရခဲ့ဖူးပြီး၊ ဒါဟာ အသက်အကြီးဆုံးလို့ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

နှစ်ပေါင်း ၄၀၀ နီးပါး အသက်ရှည်တဲ့ ဂရင်လန် က ငါးမန်း