ရုရှားထိုးစစ် ယူကရိန်းအရှေ့ပိုင်း Donbas မှာ အရှိန်မြှင့်

A Ukrainian serviceman stands near the wreck of a Russian tank on the front line in the Kyiv region, Ukraine, March 28, 2022.

ယူကရိန်းမှာ ဝင်ရောက်တိုက်ခိုက်နေတဲ့ ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်းကဒေသတွေကို ဦးစားပေးတိုက်ခိုက်တဲ့ အနေထားတွေ့နေရပြီး မြို့တော် Kyiv ကိုဦးတည်တဲ့ မြေပြင်ထိုးစစ်ဆင်မှုတွေ ကတော့ ရပ်တံ့နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးက ပြောပါတယ်။

လက်ရှိမှာ Kyiv ကိုဝင်တိုက်တာမရှိတော့ပဲ ယူကရိန်းအရှေ့ပိုင်းက Donbas ဒေသမှာ ဆက်တိုက်နေတာ တွေ့ရတယ်လို့ အမည်မဖေါ်လိုတဲ့ အရာရှိက တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ ရုရှားတပ်တွေက အရှေ့ပိုင်းဒေသက ယူကရိန်းတပ်တွေကို အဆက်အသွယ်ဖြတ်တောက်ဖို့ ကြိုးစားတဲ့ ပုံတွေ့နေရပြီး ဒါဟာ ယူကရိန်းနဲ့ အပေးအယူလုပ် ညှိနှိုင်းရာမှာ အသာစီးရဖို့ လုပ်တာမျိုး ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။ ယူကရိန်းနဲ့ ရုရှားကိုယ်စားလှယ်တွေဟာ စစ်ပွဲအဆုံးသတ်ရေး အတွက် ညှိနှိုင်းဆွေးနွေး နေကြဆဲဖြစ်ပါတယ်။ ရုရှားဟာ ၂၀၁၄ မှာ ယူကရိန်းရဲ့ Crimea ကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့ပြီး ယူကရိန်းအရှေ့ပိုင်း Donbas ဒေသက ခွဲထွက်ရေးသမားတွေကို ပံ့ပိုးထောက်ခံပေးခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းမှာ တခြားမြို့ကြီးအတော်များများကို ရုရှားတပ်တွေ မသိမ်းနိုင်အောင် ယူကရိန်းတပ်တွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားဝင်ရောက်ကျူးကျော်ချိန်ကစပြီး တောင်ပိုင်း Mariupol မြို့ကို ရုရှားတပ်တွေက ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့ တာကြောင့် အခုဆို ကလေးငယ် ၂၀၀ ကျော်အပါအဝင် ဒေသခံ ၅၀၀၀ လောက် သေဆုံးခဲ့ရတယ်လို့ မြို့တော်ဝန်ရုံးက ပြောပါတယ်။ မြို့ထဲမှာရှိနေတဲ့ မြို့ခံ ၁၆၀ ၀၀၀ ကို ဘေးလွတ်ရာ ပို့ဆောင်ပေးဖို့ Mariupol မြို့တော်ဝန်က တနင်္လာနေ့မှာ ပန်ကြားခဲ့ပါတယ်။ ဒါပေမယ့် မြို့ကနေ ထွက်ခွါမယ့်လမ်းကြောင်းတွေမှာ ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုခံရနိုင်တယ်ဆိုတဲ့ ထောက်လှန်းရေးသတင်းတွေကြောင့် လူသားစာနာမှု လမ်းကြောင်းကို ဖွင့်ပေးဖို့ မဖြစ်နိုင် သေးဘူးလို့ ယူကရိန်းဒုတိယဝန်ကြီးချုပ်က ပြောပါတယ်။

===================



