ဟေတီနိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာ ပြင်းအား ၅.၉ ရှိတဲ့ ငလျင်လှုပ်တာကြောင့် လူ ၁၁ ဦးထက်မနည်းသေဆုံးပြီး၊ ၁၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဟေတီနိုင်ငံ Nord-Ouest ဒေသရဲ့ မြို့တော် Port –de-Paix မှာတင် လူ ၇ ဦး သေဆုံးခဲ့တယ်လို့ အစိုးရပြောခွင့်ရသူက AFP သတင်းဌာနကို ပြောပါတယ်။
Port-de-Paiz ရဲ့ အရှေ့တောင်ဖက် ကီလိုမီတာ ၅၀ ကွာဝေးတဲ့ Gros-Morne မြို့မှာတော့ လူ လေးဦး သေဆုံးခဲ့ပါတယ်။ ငလျင်ကြောင့် အိမ်တွေနဲ့ ဆေးရုံတွေ ပျက်စီးကုန်တယ်လို့ သိရပါတယ်။ Port-de-Paiz Gros-Morne Chansolme နဲ့ Tortuga မြို့တွေဟာ အဆိုးဆုံး ငလျင်ဒဏ်ခံလိုက်ရတဲ့မြို့တွေဖြစ်တယ်လို့ ဟေတီ အရပ်ဖက်ကာကွယ်ရေးဌာနက ပြောပါတယ်။ ငလျင်ဟာ ဟေတီနိုင်ငံ မြောက်ပိုင်းကမ်းရိုးတန်း Port-de-paiz ကနေ ကီလိုမီတာ ၁၉ အဝေးမှာ ဗဟိုပြုလှုပ်တာလို့ အမေရိကန် ငလျင်တိုင်းတာရေးဌာနက ပြောပါတယ်။
လူထုအနေနဲ့ စိတ်အေးအေးထားဖို့ သမ္မတ Jovenel Moise က တိုက်တွန်းနေပြီး၊ ငလျင်ထိတဲ့နေရာတွေမှာ အကူအညီပေးဖို့ အစိုးရအနေနဲ့ တတ်နိုင်သမျှ အင်အားခွန်အား သုံးသွားမယ်လို့လည်း ပြောပါတယ်။ ဟေတီနိုင်ငံဟာ ၂၀၁၀ ခုနှစ်က ၇.၁ ပြင်းအားနဲ့ လှုပ်သွားတဲ့ ငလျင်ဒဏ်ကြောင့် ကောင်းကောင်း ပြန်ပြီး နလံမထနိုင်သေးပါဘူး။ အဲဒီငလျင်တုန်းက လူ နှစ်သိန်းကျော်သေဆုံးပြီး၊ လူ တသန်းနီးပါး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။
Your browser doesn’t support HTML5