အရေးကြီးတဲ့ မဲဆန္ဒနယ်မြေတွေမှာ ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးလုပ်ငန်းတွေ အရှိန်မြှင့်

ဒုသမ္မတ Kamala Harris မဲဆွယ်ပွဲလုပ်

လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ထောက်ခံမဲရဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ ဒုသမ္မတ Kamala Harris ရဲ့ စည်းရုံးရေးအဖွဲ့က မဲဆွယ်ပွဲလုပ်ငန်းတွေ အရှိန်မြှင့်နေပါတယ်။

ထောက်ခံမှုရဖို့ အရေးကြီးတဲ့ မဲဆန္ဒနယ်မြေတွေမှာ အောက်ခြေအထိ စည်းရုံးရေးဆင်းခဲ့တာကြောင့် ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ဖြစ်လာဖို့ အလားအလာရှိနေတဲ့ ဒုသမ္မတ Harris အသာရမယ့် လက္ခဏာတွေ တွေ့ရကြောင်းလည်း အကြိတ်အနယ် ပြိုင်ရမယ့် မဲဆန္ဒနယ်မြေတွေအတွက် တာဝန်ယူထားတဲ့ စည်းရုံးရေးအဖွဲ့ ဒါရိုက်တာ Dan Kanninen က ပြောပါတယ်။

ထောက်ခံမှုရဖို့ အပြိုင်ကြိုးစားရမယ့် ပြည်နယ်တွေထဲမှာပါတဲ့ Georgia, Arizona, Nevada, Michigan, Pennsylvania နဲ့ Wisconsin ပြည်နယ် ၆ ခုမှာ ၂၀၂၀ ပြည့် ရွေးကောက်ပွဲတုန်းက သမ္မတ Joe Biden ပွတ်ကာသီက အနိုင်ရခဲ့တာပါ။ ဒါပေမဲ့လည်း မကြာခင် သီတင်းပတ်တွေကစ ထောက်ခံမှုတွေ သိသိသာသာ တိုးလာတယ်လို့လည်း ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

သမ္မတဘိုင်ဒင် နောက်တကြိမ် ရွေးကောက်ပွဲမဝင်ဖို့ ကြေညာလိုက်ပြီး၊ သူ့ကိုယ်စား ဒုသမ္မတက ယှဉ်ပြိုင်ဖို့ ကြေညာခဲ့ပြီးနောက် စိတ်ဓာတ်ရေးရာအရရော၊ ဘဏ္ဍာရေးအရပါ အင်အားတွေ ပိုတိုးလာနေပြီး၊ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်မြေတချို့မှာ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဖြစ်လာတဲ့ သမ္မတဟောင်း Donald Trump ကို အသာစီးရလာနေတာကိုလည်း စစ်တမ်းတချို့မှာ တွေ့နေရပါတယ်။