မုန်တိုင်းဒဏ်သင့် Texas နဲ့ Louisiana ပြည်နယ်တွေအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ရန်ပုံငွေ ၈ဘီလီယံ နီးပါးရရှိဖို့ အမေရိကန်သမ္မတ Trump က အထက်လွှတ်တော်ကို သောကြာနေ့က စာပို့တောင်းဆိုပါတယ်။ ဒီတောင်းဆိုချက်ဟာ ဟာဗီမုန်တိုင်းပြီးခါစ ပြန်လည်နေရာချထားရေးအတွက် ရန်ပုံငွေသာ ဖြစ်ပြီး အဲဒီထဲမှာ ပြည်ထောင်စုအရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေ ၇.၄ ဘီလီယံနဲ့ အသေးစားလုပ်ငန်းပိုင်ရှင်တွေအတွက် ချေးငွေ သန်း ၄၅၀ လည်း ပါဝင်ပါတယ်။
ဟာဗီမုန်တိုင်းဒဏ်သင့် Texas နဲ့ Louisiana ပြည်နယ်တွေက သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးအတွက် သမ္မတ၊ အမိမြေလုံခြုံရေးနဲ့ အစိုးရ တစ်ဖွဲ့လုံးက ဆက်လက်အာရုံစိုက် ကြိုးပမ်းနေပြီး ဒီနေ့ စနေနေ့မှာ သမ္မတTrump က Texas ပြည်နယ်ကိုသွားပြီး ရေဘေးသင့်ပြည်သူတွေကို အားပေးစကား ပြောမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Sarah Huckabee Sanders က ပြောပါတယ်။
Houston မြို့ ရေကာတာတွေရှိတဲ့ နေရာတွေမှာ ရေဆက်ကြီးနေသေးတယ်ဆိုပေမယ့်လည်း မြို့ရဲ့ တခြားရပ်ကွက်တွေမှာတော့ ရေကျလာပါပြီ။ လမ်းတွေမှာလည်း ပြန်သွားလာနိုင်တဲ့အခါမှာတော့ မုန်တိုင်းအတွင်း အိမ်တွင်းပုန်းနေရတဲ့သူတွေ ဓာတ်ဆီနဲ့ စားသုံးကုန်တွေ ထွက်ဝယ်လာကြပါတယ်။ Houston မြို့ အနောက်တောင်ပိုင်းက တရုတ်ကုန်စုံဆိုင်မှာလည်း လမ်းတွေပြန်ဖွင့်လာတာနဲ့အမျှ ဈေးဝယ်သူတွေလည်း တိုးလာပါတယ်။ ဒီဆိုင်ဟာဆိုရင် မုန်တိုင်းကျစဉ် အဆိုးဆုံးတစ်ရက်ပဲ ဆိုင်ပိတ်တာပါ။ California နဲ့ New York ပြည်နယ်တွေကနေ ကုန်တွေပို့နိုင်တဲ့အတွက် မုန်တိုင်းအတွင်း ပစ္စည်းပြတ်လတ်တာ မရှိခဲ့ပါဘူး။
Your browser doesn’t support HTML5