သွေးလွန်တုပ်ကွေးအတွက် ဆေးရုံတင်သင့်ချိန်

  • ဝင်းမင်း

Your browser doesn’t support HTML5

သွေးလွန်တုပ်ကွေးအတွက် ဆေးရုံတင်သင့်ချိန်

ဆေးရုံတွေမှာ သွေးလွန်တုပ်ကွေးအတွက် စိုးရိမ်ပြီး လာရောက်တဲ့လူနာတွေ မလိုအပ်ဘဲများမသွားအောင်၊ ဘယ်လိုလူနာတွေကိုသာ ဆေးရုံတင်သင့်တာကို သိထားသင့်တယ်လို့ ကလေးအထူးကုတွေက ဆိုပါတယ်။ သွေးလွန်တုပ်ကွေး အဖြစ်များခဲ့တဲ့ မနှစ်ကလောက် ဒီနှစ်မှာ အဖြစ်မများပေမယ့်၊ လက်ရှိအချိန်ထိ သွေးလွန်တုပ်ကွေး ဖြစ်သူပေါင်း (၃၀၀၀) နီးပါးနဲ့ သေဆုံးသူ (၂၀) ခန့်ရှိသွားပြီလို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။ လူနေထူထပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးကတော့ ထုံးစံအတိုင်း သွေးလွန်တုပ်ကွေး အဖြစ်အများဆုံးပါ။

လက်ရှိအချိန်မှာ မိုးဦးကာလဖြစ်ပြီး၊ ကလေးတွေ ကျောင်းပြန်ဖွင့်ချိန်ကြောင့် ဖျားတာနာတာတွေ တစ်ဦးကနေ တစ်ဦးကို ကူးစက်တာတွေများကာ၊ သွေးလွန်တုပ်ကွေး ဖြစ်တာတွေလည်း ရှိနေတာကြောင့်၊ သွေးလွန်တုပ်ကွေးအတွက် စိုးရိမ်ပြီး ဆေးရုံတွေကို ရောက်လာသူတွေ ကလေးတွေ များလာနေတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။ သွေးလွန်တုပ်ကွေးလူနာက ရက်ပိုင်းအတွင်း ပြင်းထန်တဲ့အဆင့်ရောက်ကာ အသက်ဆုံးရှုံးနိုင်တာမို့ အခုလို အများက စိုးရိမ်ကြတာပါ။ ဆေးရုံကို ရောက်လာတဲ့ သွေးလွန်တုပ်ကွေးလူနာ သွေးလန့်တာ ဖြစ်လာလျှင်တော့ နာရီပိုင်းအလိုက် အထူးကြပ်မတ်ကုသပေးရတာမို့ မလိုအပ်ဘဲ ဆေးရုံမှာ လူနာတွေများမနေဖို့ အရေးကြီးသလို၊ ဆေးရုံတင်ထားသင့်တဲ့ သွေးလွန်ုတုပ်ကွေးလူနာတွေ အချိန်မီရောက်မလာလျှင်လည်း ကုသရခက်စေနိုင်ပါတယ်။

ပထမဆုံး သိဖို့ အရေးကြီးတာကတော့ သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေကို သတ်မှတ်ပုံပါ။ အဖျားရှိတာနဲ့ အောက်ပါလက္ခဏာတွေထဲက (၂) ခု တွဲရှိလျှင် သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။

(၁) အော့အန်ခြင်း
(၂) အရေပြားပေါ် အပိန့်ထွက်ခြင်း
(၃) ကိုယ်လက်ကိုက်ခဲခြင်း
(၄) သွေးပေါင်ချိန်တိုင်း ကရိယာဖြင့် စမ်းသပ်လျှင် (Hess Test) အစက်အပျောက် များစွာထွက်လာခြင်း
(၅) နှာခေါင်းသွေးလျှံပြီး ကော်ဖီနှစ်ရောင် အန်ခြင်း
(၆) သွေးဖြူဥနည်းခြင်း
(၇) အန္တရာယ်လက္ခဏာ တစ်ခုခုရှိခြင်း

အန္တရာယ်လက္ခဏာ တစ်ခုခုမရှိသေးဘဲ၊ သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေအဆင့် ပထမ (၃) ရက်ခန့်မှာ လူနာက သာမန်လို စားနိုင်သောက်နိုင်ပြီး၊ လန်းဆန်းနေသေးလျှင်၊ ဆေးရုံမတင်ဘဲ အပြင်ဆေးခန်းဆရာဝန်နဲ့ ပုံမှန် ပြသင့်ပါတယ်။ အဲ့ဒီအဆင့်မှာ အဖျားကျဆေး (ပါရာစီတမော) နဲ့ ဓာတ်ဆားရည်တိုက်ပြီး၊ ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းက အနည်းဆုံး တစ်နေ့တစ်ကြိမ် ကြည့်ရှု စစ်ဆေးနေသင့်ပါတယ်။

ဒါပေမဲ့ သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေရှိတဲ့လူနာမှာ အောက်ပါ အန္တရာယ် လက္ခဏာ တစ်ခုခု ရှိလာလျှင်တော့ ဆေးရုံပို့သင့်ပါတယ်။

(၁) ဝမ်းဗိုက်နာခြင်း၊ ဖိလျှင်နာခြင်း
(၂) ဆက်တိုက်အန်ခြင်း (အထက်မှာ သာမန် အန်သလို မဟုတ်ဘဲ ဆက်တိုက် ပြင်းပြင်းထန်ထန် အန်လာခြင်း)
(၃) မှိန်းနေခြင်း (သို့မဟုတ်) ကယောင်ကတမ်းဖြစ်လာခြင်း
(၄) အသည်း (၂) စင်တီမီတာထက် ပိုကြီးလာခြင်း
(၅) အဆုပ်၊ နှလုံး၊ ဝမ်းဗိုက်တွင် အရည်စုလာခြင်း
(၆) သွေးဖြူဥကျဆင်းကာ သွေးပျစ်နှုန်း (PCV) တက်လာခြင်း

အတက်ပါ အန္တရာယ်လက္ခဏာများ မရှိသော်လည်း ဆေးရုံတင်ထားဖို့ လိုတဲ့ လူနာတွေရှိပါသေးတယ်။ ဒီလူနာတွေကတော့ သွေးလွန်တုပ်ကွေးဖြစ်နိုင်ခြေရှိထားတဲ့

(၁) တစ်နှစ်အောက်ကလေး (သွေးကြောရှာရခက်ခြင်း၊ သွေးလန့်လာချိန် ကုရခက်ခြင်းကြောင့်)
(၂) အဝလွန်သောလူနာ (သွေးကြောရှာရခက်ခြင်း၊ ပြန်ဖြည့်ရမည့် ရေပမဏ တွက်ရခက်ခြင်းကြောင့်)
(၃) ရောဂါအခံရှိထားသောလူနာ (မွေးရာပါ သွေးအားနည်းရောဂါ၊ ကျောက်ကပ်၊ နာတာရှည်ရောဂါရှိထားသူများ သွေးလန့်ချိန် ကုရခက်ခြင်းကြောင့်)
(၄) ဆေးရုံ အမြန်သွားရန် ခက်ခဲသောလူနာ၊ ဆေးရုံနှင့်ဝေးလွန်းသောလူနာ (ဥပမာ လှိုင်သာယာမြို. လယ်ကွင်းထဲနေသူ)ဒါ့အပြင် သွေးလွန်တုတ်ကွေးမှာ အသက်အန္တရာယ်ကြီးတဲ့ သွေးလန့်ချိန် ရောက်ကာနီးဖြစ်လာတာကို သတိမပြုမိဘဲ လွတ်သွားစေနိုင်တဲ့ သွေးလွန်တုပ်ကွေးထောင်ခြောက် ရှိနေတာကို ကြိုသိထားပြီး၊ အဲ့ဒီအဆင့်မှာ ဆေးရုံ ချက်ခြင်းအမြန်ဆုံးတင်ဖို့ အထူးအရေးကြီးပါတယ်။ သွေးလွန်တုပ်ကွေးထောင်ခြောက်လို့ တင်စားရတာက အဲဒီအချိန်မှာ လူနာက အဖျားပြန်ကျသွားတာမို့၊ ပြန်ကောင်းသွားပြီလို့ မှားယွင်းယူဆမိတတ်လို့ပါ။ အဲ့ဒီအဆင့်က သွေးလွန်တုပ်ကွေးဖြစ်ပြီး (၃) ရက်ကနေ (၅) ရက်အတွင်းမှာ ဖြစ်တတ်ပါတယ်။ အဲ့ဒီအဆင့်မှာ လူနာက အဖျားကျသွားပေမယ့် ပြန်မလန်းလာဘဲ၊ ပို မှိန်းနေတတ်ပါတယ်၊ အစားအသောက်လည်း ပြန်မစားနိုင်ဘဲ အိပ်နေတတ်ပါတယ်။ ဒါ့အပြင် ကယောင်ကတမ်းပါ ဖြစ်လာတတ်ပါတယ်။ ကလေးဆိုလျှင်လည်း ပြန်မဆော့နိုင်၊ မစားနိုင်ဘဲ ဖြစ်နေတတ်ပြီး၊ ကလေးကြီးအရွယ်တွေမှာ ထလိုက်လျှင် မူးမိုက်လဲသွားတတ်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို မေးမြန်းတင်ပြထားပါတယ်။