မြန်မာနိုင်ငံ ရန်ကုန်တိုင်းအတွင်း မြို့တချို့မှာ ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဆက်ဖြစ်နေချိန်၊ ကာကွယ်သင့်တာတွေကို ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောနေပါတယ်။ အကြောင်းက ပြင်းထန် ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့ ကာလဝမ်းရောဂါက တခြားဝမ်းပျက်ဝမ်းလျှောတာတွေနဲ့ မတူဘဲ၊ ဖြစ်လာလျှင် လူအများကို ချက်ချင်းကူးစက်လွယ်ပြီး၊ သေဆုံးမှုလည်း များလာနိုင်လို့ပါ။
ဒီကာလဝမ်းရောဂါ စမဖြစ်အောင် ကာကွယ်ရေးအတွက် တစ်ဦးချင်းရော အုပ်ချုပ်သူတွေဘက်ကပါ ဝိုင်းလုပ်ဆောင်ကြဖို့ လိုပါတယ်။ အဓိကကတော့ မသန့်တဲ့ ရေ၊ အစာ၊ အိမ်သာ (ယင်နားတာက) နဲ့ လက်က တဆင့်ကူးတာမို့၊ တကိုယ်ရည် သန့်ရှင်းရေးနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ရမှာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောတဲ့အတိုင်း၊ မိမိပတ်ဝန်းကျင်မှာ ဒီရောဂါဖြစ်တာကို သတိထားစောင့်ကြည့်တာ (Surveillance) လုပ်ပြီး၊ ရောဂါဖြစ်တာသိတာနဲ့ တကိုယ်ရည် သန့်ရှင်းရေးအဖြစ် ရေ၊ အစာ၊ အိမ်သာ (ယင်ကောင်မနားနိုင်ဖို့) နဲ့ လက်သန့်ရှင်းဖို့ လုပ်ရမှာပါ။ ရေကို ကျိုချက်သောက်တာ၊ အစာတွေ ယင်မနားအောင် ဖုံးအုပ်ထားတာ၊ အစာတွေကို နွှေးပြီးမှ စားတာ၊ မကျက်တကျက်အစာ မစားတာ၊ အိမ်သာအညစ်အကြေးကို ယင်မနားအောင် မြေမြုပ်ထားတာ၊ အိမ်သာသုံးပြီး လက်ပြန်ဆေးတာ၊ အစာမစားခင် လက်ဆေးတာတွေ လုပ်ဖို့လိုပါတယ်။
ဒါ့အပြင် အုပ်ချုပ်သူတွေဘက်ကလည်း ပတ်ဝန်းကျင် သန့်ရှင်းရေးအဖြစ် ရေ၊ အိမ်သာနဲ့ စားသောက်ဆိုင်တွေ သန့်ရှင်းရေး ဝိုင်းလုပ်ပေးသင့်ပါတယ်။
ရေသန့်ဖို့အတွက် အနားက ရေတွင်း ရေကန်တွေထဲ ကလိုရင်းဆေး ထည့်ပေးတာ၊ အိမ်သာစနစ်တကျ ယင်မနားနိုင်အောင် မြေမြုပ်စနစ် ကူညီတပ်ဆင်ပေးတာ၊ စားသောက်ဆိုင်တွေမှာ အစာတွေကို လက်နဲ့မကိုင်ဘဲ သန့်စင်ပြီးသား ပလပ်စတစ်လက်အိပ်နဲ့ ကိုင်တွယ်တာ စတာတွေကို ကူညီကြပ်မတ်ပေးသင့်ပါတယ်။ တချိန်ထဲမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်လာလျှင်လည်း၊ ဒီလူနာတွေကို ချက်ချင်း ဆေးစစ်ရှာဖွေပြီး ကုသ (ရေနဲ့ဆားဓာတ်၊ Drip) ပေးသင့်ပါတယ်။ ဒါ့အပြင် ဘယ်ပိုးကြောင့် ဖြစ်ရတာကို ရှာတဲ့အခါမှာ စစချင်းဖြစ်တယ်လို့ သိထားတဲ့ လူနာကို နောက်ကြောင်းခံလိုက် ဆေးစစ်တာလုပ်ပြီး၊ ဘယ်လို မသန့်ရှင်းမှုက စဖြစ်တာ (ဥပမာ ဘယ်ရေ၊ ဘယ် အစာ) တို့ကို ရှာဖွေဖော်ထုတ်ပြီး ထိန်းချုပ်ကာကွယ်ပေးသင့်ပါတယ်။
အမေရိကန်မှလည်း အစာကနေတဆင့် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်တတ်ပေမဲ့ ပြင်းထန်တဲ့အဆင့်ကနေ မသေဆုံးအောင် ထိန်းချုပ်ကာကွယ်မှုတွေ လုပ်ပေးနိုင်ခဲ့ပါတယ်။ အဓိကကတော့ ဒီရောဂါ စဖြစ်စေတဲ့ မသန့်ရှင်းတဲ့အရာတွေကို ရှာဖွေနိုင်အောင် ရပ်ကွက်ကနေ မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ ဗဟိုတို့ကို အဆင့်ဆင့် ချက်ချင်းသတင်းပို့ အပြန်အလှန် လုပ်ဆောင်ရတာပါ။ အမေရိကန်မှာတော့ ဖရဲသီး မသန့်တာကနေ စဖြစ်ခဲ့တဲ့ အူရောင်ငန်းဖျား (Typhoid) ဖြစ်တာကို ဒီနည်းနဲ့ ရှာဖွေထိန်းချုပ် ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သရက်သီးနဲ့ အသားတွေ မသန့်တာကနေ ဖြစ်ခဲ့တာကိုလည်း တွေ့ရှိခဲ့ဖူးပါတယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ဖြစ်လာလျှင် အသက်မသေဆုံးအောင်ကတော့၊ ဖြစ်လာတဲ့သူတွေကို ဆေးစစ်ရှာဖွေပြီး ဆေးရုံတင်ကုသပေးတာ၊ ဖြစ်တဲ့ဒေသေတွေ တွေ့လာလျှင်လည်း၊ ကြိုတင်ကာကွယ်ဆေးပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
အခုလို ကာကွယ်မှုနဲ့ ကုသမှုတွေ ပေးတာအပြင်၊ ဒီ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ဖြစ်လာလျှင် အသက်အန္တရာယ်ကြီးသူတွေကို ကြိုသိပြီး၊ ပိုဂရုစိုက်ပေးသင့်ပါတယ်။ ဒီ အန္တရာယ်ကြီးသူတွေကတော့ အသက်ကြီးလာသူတွေ၊ လေဖြတ်ပြီး သိပ်မလှုပ်ရှားနိုင်တော့ဘဲ အိမ်မှာနားနေရသူတွေ၊ ရောဂါမျိုးစုံအဖြစ် နှလုံး၊ သွေးတိုး ဆီးချို ရောဂါတွေပေါင်းပြီး ရှိလာနေသူတွေ၊ HIV/ AIDS ကိုယ်ခံအားကျဆင်းတဲ့ရောဂါ ရှိသူတွေနဲ့ ကင်ဆာရောဂါ ရှိသူတွေပါ။ အကြောင်းက နဂိုရောဂါအခံတွေကြောင့် ကိုယ်ခံအားနည်းနေချိန်၊ ဝင်လာတဲ့ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောဒဏ်ကို ထပ်မခံနိုင်တော့ဘဲ၊ ဝမ်း အလွန်အကျွံပိုလျှောပြီး သေဆုံးနိုင်လို့ပါ။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက အထွေထွေရောဂါကုဌာန ဒုဆေးရုံအုပ်ကြီးနဲ့၊ မြန်မာလူနာတွေကိုလည်း အင်တာနက်ဖုန်းကတဆင့် ကူညီကုသပေးလာခဲ့တဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။