မြန်မာနိုင်ငံမှာ ကလေးလူငယ်တွေ တက်လို့ ဆေးရုံ၊ ဆေးခန်း လာပြကြတာ များကြပေမဲ့ အားလုံးကတော့ အတက်ရောဂါ ဟုတ်မဟုတ် ခွဲခြားသိနိုင်ဖို့ အရေးကြီးတယ်လို့ ကလေးအထူးကု ဆရာဝန်တွေက သတိပေးပြောဆိုကြပါတယ်။ Epilepsy (ခေါ်) အတက်ရောဂါ ဖြစ်ရခြင်း အကြောင်းမျိုးစုံရှိရာမှာ ဦးနှောက်ထိခိုက်တာ၊ ဦးနှောက်မှာ အနာရွတ်ကျန်ခဲ့တာ၊ ဦးနှောက်အကြိတ်တည်တာကနေ၊ ဘာအကြောင်းအရာကြောင့် တက်တယ်ဆိုတာကို လုံးဝမသိတာတွေ ရှိနေပါတယ်။
အတက်ရောဂါ ဖြစ်မဖြစ်ကို ခွဲခြားသိနိုင်တဲ့ လက္ခဏာတွေကတော့ မျက်နှာအကျောဆွဲတာ၊ ခြေလက်ဆန့်ငင်ဆန့်ငင်ဖြစ်တာ (မွေးကင်းစကလွဲလို့)၊ ပါးစပ်အမြုပ်ထွက်တာ၊ ဆီး၊ ဝမ်းထွက်တာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါကို အတိအကျခွဲနိုင်ဖို့ ဓာတ်မှန်ရိုက်တာနဲ့ သွေးစစ်တာတွေလုပ်ဖို့ လိုပါတယ်။
ရုတ်တရက် စပြီးတက်လာရင် ဖြစ်တဲ့နေရာမှာ ရှေးဦးသူနာနည်းနဲ့ ပြုစုပေးဖို့ အထူးအရေးကြီးပါတယ်။ လူနာကို ပြင်ညီပေါ်မှာ တစောင်းမှောက်ထားပြီး၊ ပါးစပ်မှာ ပိတ်စို့နေတာတွေ ဖယ်ရှားပေးဖို့နဲ့၊ ဖြစ်နိုင်ရင် အတက်ကျဆေး စအိုကနေပေးဖို့ လိုပါတယ်။ ဒါပေမဲ့ ပါးစပ်ထဲကို ဇွန်းထည့်တာ၊ ခြေလက်တွေ အတင်းထိန်းချုပ်တာတွေ မလုပ်ပေးသင့်ပါဘူး။ အထူးသဖြင့် မိဘနဲ့ ကျောင်းဆရာ၊ ဆရာမတွေ ဒီလိုပြုစုနည်းတွေ တတ်အောင် လေ့လာပြင်ဆင်ထားသင့်ပါတယ်။
အခုလို တခေါက်စတက်ပြီး နောက်တခေါက်မဖြစ်အောင် ကာကွယ်နိုင်ဖို့တော့ အတက်ကျဆေး (အများစု သောက်ဆေး) ပုံမှန်ပေးတာအပြင်၊ တက်ဖို့ အန္တရာယ်များစေနိုင်တာတွေ ရှောင်ရှားဖို့ လိုပါတယ်။ သစ်ပင်တက်တာ မလုပ်သင့်ပါဘူး၊ မီးတောက်လှုပ်ရှားမှု ဖြစ်တာမျိုးတွေ့ရင် ဥပမာ TV စဖွင့်ချိန်မှာ တဖြတ်ဖြတ်ဖြစ်တာနဲ့ မီးလှုံရင် မီးတောက် တဖြတ်ဖြတ်ဖြစ်တာတွေကြောင့် တက်စေနိုင်တာမို့ ဒါတွေကိုရှောင်ရှားသင့်ပါတယ်။ ဒါ့အပြင် စက်ဘီးစီးတာ၊ ဘတ်(စ်) ကားမောင်းတာတွေ မလုပ်သင့်ပါဘူး။
ကုသမှုအနေနဲ့တော့ ဖြစ်ရခြင်း အခြေခံအကြောင်းရင်းကို ကုပေးရပါတယ်။ ဥပမာ ဦးနှောက်အကြိတ်ကြောင့်ဖြစ်ရင် ခွဲထုတ်ပစ်တာမျိုးပါ။ ဒါပေမဲ့ အကြောင်းမသိတာတွေအတွက်တော့ အတက်ကျဆေး စနစ်တကျ ပေးဖို့လိုပါတယ်။ ၂ နှစ်ကျော် မတက်တော့ရင်တော့ ဒီဆေးတွေကို တဖြည်းဖြည်း လျှော့သွားလို့ရပါတယ်။ ရုတ်တရက် ဆေးဖြတ်ပစ်တာ မလုပ်ရပါဘူး၊ ပိုဆိုးနိုင်စေလို့ပါ။ စနစ်တကျ ကုသွားနိုင်ရင် ပုံမှန်လူတွေလိုပဲ နေလို့ရသွားပါတယ်။
ဒီရောဂါအကြောင်းကို ပိုမိုသိရှိနားလည်နိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစား ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။