ခြေဖဝါးအရွတ်ပြားရောင်ပြီး ဖနောင့်နာခြင်း (အပိုင်း - ၁)

  • ဝင်းမင်း

Plantar Fasciitis (Photo credit: celasers.com)

Your browser doesn’t support HTML5

ခြေဖဝါးအရွတ်ပြားရောင်ပြီး ဖနောင့်နာခြင်း (အပိုင်း - ၁)

Plantar Fasciitis လို့ခေါ်တဲ့ ခြေဖဝါးအောက်က အရွတ်ပြားကြီး ရောင်တာကြောင့် ခြေဖနောင့်နာတာဟာ၊ မြန်မာနိုင်ငံမှာ အဖြစ်များတယ်လို့ ကျန်မာရေးပညာရှင်တွေက ဆိုပါတယ်။

ခြေဖဝါးအောက်က အရွတ်ပြားကြီး (Plantar Fasciitis) ဟာ ခြေဖဝါးအောက်တလျှောက် ခြေဖနောင့်ကနေ ခြေချောင်းတွေအထိရှည်ပြီး ခန္ဓာကိုယ်အလေးချိန်ကို ခံနိုင်အောင် စပရိန်လို ခြေဖဝါးအခုံးမှာ ကွေးပြီးထောက်ခံပေးထားတဲ့ အရွတ်ထူကြီးပါ။ ဒါပေမဲ့ အပေါ်က ခန္ဓာကိုယ်အလေးချိန်ကို ခံရပါများလွန်းချိန်မှာ ဒီခြေဖဝါးအရွတ်ပြားကြီးရဲ့ တစ်နေရာရာမှာ အနည်းငယ်စုတ်ပြဲပြီး ရောင်ရမ်းမှုစဖြစ်ကာ ခြေဖနောင့် စပြီးနာလာတာပါ။ အခုလို ခြေဖဝါးအရွတ်ပြားရောင်စေတဲ့ အကြောင်းရင်းတွေကတော့ အသက် (၄၀) ကျော်လာပြီး ဒီအရွတ်ပြားကြီးကို အသုံးများဒဏ်က စဖြစ်လာတာ၊ ကိုယ်အလေးချိန်များတာ၊ အဝလွန်တာ၊ အချိန်အကြာကြီး မတ်တပ်ရပ်၊ လမ်းလျှောက် အလုပ်လုပ်ရတာတွေ ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ပိုဖြစ်တာတွေ့ရပြီး၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ အလေးချိန်ပိုများလာတာကြောင့် ပိုဖြစ်တတ်ပါတယ်။ ပြေးခုန်အားကစား ရုတ်တရက် အလုပ်များလွန်းသူတွေမှာလည်း ဒီအရွတ်ပြားအပေါ် ထပ်ခါထပ်ခါ အလေးချိန်ပိစေတာကြောင့် ပိုဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါနဲ့လည်း ဆက်စပ်ဖြစ်တတ်ပြီး၊ မွေးရာပါ ခြေဖဝါးအခုံး များလွန်းသူ၊ နည်းလွန်းသူ (ခြေဖဝါးပြားသူ) တွေမှာလည်း ပိုဖြစ်တတ်ပါတယ်။

ဒီခြေဖဝါးအရွတ်ပြားကြီး ရောင်တာကြောင့် ဖနောင့်နာတာနဲ့ ရောထွေးသွားစေနိုင်တဲ့ တခြားရောဂါတွေကတော့ ဥပမာအားဖြင့် ခြေဖနောင့်က အာရုံကြောညပ်တာ၊ အသားကြေတာ၊ အဆစ်နာတာ ရောင်တာ စတာတွေဖြစ်ပြီး၊ သေချာအောင် စစ်ဆေးသင့်ပါတယ်။ ဒီတခြားရောဂါတွေကနေ ခွဲခြားနိုင်ဖို့ လက္ခဏာတွေကတော့ ခြေဖဝါးအရွတ်ရောင်တာမှာ ခြေဖနောင့်နာတာက မနက်စောစော အိပ်ယာထထချင်း ပထမဆုံးလှမ်းတဲ့ အချိန်မှာသာ စနာပြီး၊ နောက်ပိုင်း တနေကုန် မတ်တပ်ရပ်၊ လှုပ်ရှားသွားလာ၊ အလုပ်လုပ်နေချိန်မှာတော့ သွေးပူကာ ပြန်ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ ပြန်ထိုင်အလုပ်လုပ်တာ၊ နားနေတာကနေ ပြန်ထပြီး ခြေလှန်းပြန်စလှမ်းချိန်မှာတော့ အစပိုင်း အများကြီး ပြန်နာလာတတ်ပြီး၊ ဖနောင့်က နာတဲ့နေရာ အတိအကျကို ဖိလိုက်လျှင်လည်း ဖနောင့်အတွင်းကနေ အများကြီး နာတာ၊ ခြေထောက်ကို ခြေချောင်းလေးတွေကော့ပြီး ဆွဲဆန့်လိုက်လျှင် တင်းပြီး နာတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ခြေထောက်မှာ ရောင်တာ၊ နီရဲနေတာမျိုးတော့ မရှိပါဘူး။ နာတဲ့ပမာဏကတော့ စူးကနဲ (ခဲနင်းမိသလို) ပြင်းပြင်းထန်ထန် နာတတ်သလို၊ အောင့်တောင့်တောင့်နာတာ၊ ခြေဖနောင့်ပူတာအထိ အမျိုးမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ တခြားရောဂါတွေကြောင့် ခြေဖဝါးနာတာတွေကတော့ အခုလို နာလိုက်ပျောက်လိုက်မဟုတ်ဘဲ၊ အမြဲလို ဆက်တိုက်နာနေတတ်ပြီး အနားယူချိန်မှာတော့ သက်သာသွားတတ်တာမို့ ဒီ နာပုံနာနည်းနဲ့လည်း ခွဲခြားသိနိုင်ပါတယ်။ ဒါ့အပြင် ခြေဖဝါးအရွတ်ရောင်တာနဲ့ မှားယွင်းယူဆထားကြတဲ့ ပြဿနာ တစ်ခုကတော့ ခြေဖနောင့် အတက်ထွက်တယ်လို့ ပြောကြတာပါ။ တကယ်တော့ ဒီခြေဖနောင့်အတက်က လူတချို့မှာသာ ရှိထားပြီးသားဖြစ်ပြီး၊ ဒီ ခြေဖဝါးအရွတ်ရောင်တာ၊ ခြေဖနောင့်နာတာနဲ့ တိုက်ရိုက်မသက်ဆိုင်ပါဘူး။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အရိုးအထူးကုနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။