ခေါင်းကိုက်ဝေဒနာ

  • ဝင်းမင်း

headache

Your browser doesn’t support HTML5

ခေါင်းကိုက်ဝေဒနာ


ကမ္ဘာမှာရော မြန်မာနိုင်ငံမှာပါ ခေါင်းကိုက်ဝေဒနာခံစားရသူ အများအပြားရှိနေပေမယ့် အဖြစ်များတဲ့ ခေါင်းကိုက်အမျိုးအစားက ကာကွယ်လို့ရတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ခေါင်းကိုက်ဝေဒနာ အမျိုးအစား (၄) မျိူးနဲ့အထက် ရှိနေပါတယ်။ ပထမ တစ်မျိုးက Tension (ခေါ်) ဖိစီးမှုများတာဖြစ်ပြီး ဒီအထဲမှာ စိတ်ဖိစီးတာ၊ ခေါင်းအနေအထားမမှန်တာ၊ အစာမမှန်တာနဲ့ ရေဓာတ်ဆုံးရှုံးတာတွေလည်း ပါဝင်ကာ၊ အဖြစ်အများဆုံး အမျိုးအစားဖြစ်ပြီး၊ ကာကွယ်နိုင်တဲ့ အနေအထား ရှိပါတယ်။ ဒီအမျိုးအစားဖြစ်လာရင် နားထင် နှစ်ဖက်လုံးထိုးကာ သားရေပင်နဲ့စည်းထားသလို ခံစားရတတ်ကာ အချိန် မိနစ် (၃၀) ကနေ နာရီပိုင်း၊ ရက်ပိုင်းအထိကြာအောင် ကိုက်နိုင်ပါတယ်။

ဒုတိယတမျိုးကတော့ ခေါင်းတခြမ်းဘဲကိုက်တဲ့ မိုက်ဂရိန်း (Migraine) ဖြစ်ပြီး ခေါင်း တဒုတ်ဒုတ်မြည်အောင် ထိုးကိုက်ကာ အလင်းရောင်နဲ့ ဆူညံသံတွေကြောင့် ပိုဆိုးတတ်ပြီး အလုပ်မလုပ်နိုင်အောင်ထိ အခြေအနေဆိုးတတ်ပါတယ်။ တတိယအမျိုးက ခေါင်းနဲ့မျက်နှာတဝိုက် အုံခဲကိုက်ခဲတဲ့အမျိုးအစား (Cluster Headache) ဖြစ်ပြီး၊ အထူးသဖြင့် နှာရိုးနားနဲ့ မျက်လုံးထဲထိအောင့်တာ၊ မျက်ခွံယောင်တာ၊ နောက် မျက်ရည်ကျ၊ နှာရည်ကျ၊ နှာခေါင်းပိတ်တာနဲ့ တခါတရံ နားထင်ကွဲမတတ်ခံရတာတွေ ဖြစ်တတ်ပါတယ်။ ဒီ ခေါင်းနဲ့မျက်နှာတဝိုက် အုံခဲကိုက်တဲ့ အမျိုးအစားက ပြင်းထန်တဲ့ အနံ့တွေကြောင့်ဖြစ်ရပြီး ဒီအထဲမှာ ရေမွှေးနံ့၊ ဓာတ်ဆီနံ့၊ အိမ်သုတ်ဆေးနံ့တွေလည်း ပါပါတယ်။ စတုတ္ထ အမျိုးအစားကတော့ ဟော်မုန်းကြောင့် ဖြစ်ရပြီး အမျိုးသမီးတွေမှာ အဖြစ်များကာ ဓမ္မတာလာချိန်နဲ့ ကိုယ်ဝန်ဆောင်ချိန်တွေမှာ ဖြစ်တတ်ပါတယ်။

အထက်ပါ ခေါင်းကိုက်အမျိုးအစား (၄)မျိုးအပြင် အရက်နာကျတာ၊ ခေါင်းထိခိုက်ဒဏ်ရာရတာ၊ အဖျားတက်တာ၊ မေးရိုးအဆစ်အမြစ်ယောင်တာ၊ နှာခေါင်းထိပ်ကပ်နာဖြစ်တာ၊၊ မီးခိုးငွေ့မွှန်တာနဲ့ အိပ်ရင်းဟောက်တတ်သူတွေမှာလည်း ခေါင်းကိုက်တာ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ခေါင်းကိုက်တာဟာ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါတွေ (လေဖြတ်တာ၊ ဦးနှောက်အမြှေးယောင်တာ၊ ဦးနှောက်အကြိတ်နဲ့ ကင်ဆာဖြစ်တာ) ကြောင့်လည်း ဖြစ်နိုင်တာမို့ ဒီ အန္တရာယ်ရှိတဲ့ ခေါင်းကိုက်လက္ခဏာ (red flag - အလံနီပြလက္ခဏာ) တွေ ပြလာလျှင် ဆရာဝန်ပြ စစ်ဆေးဖို့ အရေးကြီးပါတယ်။ ဒီလက္ခဏာတွေကတော့ ခေါင်းကိုက်ပျောက်ဆေး သောက်ပေမယ့် မသက်သာဘဲ ပိုဆိုးလာတာ၊ ခေါင်းဒဏ်တာနဲ့တွဲပြီးကိုက်တာ၊ ချောင်းဆိုး၊ နှာချည်တာနဲ့လှုပ်ရှားမှုကြောင့် ဦးနှောက်ထဲ ဖိအားများလာပြီး ခေါင်းကိုက်တာ၊ အာလေးရှာလေးဖြစ်လာပြီး လက်ကောင်းကောင်း မလှုပ်နိုင်တာနဲ့တွဲပြီး ခေါင်းကိုက်တာ၊ ပြင်းပြင်းထန်ထန် ပျို့အန်ပြီး ခေါင်းကိုက်လာတာ၊ ခေါင်းကိုက်တာပြင်းထန်လာပြီး ဇက်ခိုင်လာတာ (ခေါင်းနဲ့မေးစေ့မထိနိုင်တာ) တွေဖြစ်ပါတယ်။

ဒါပေမဲ့ ခေါင်းကိုက်တာ အများစု (၈၅%) က ပထမအမျိုးအစားဖြစ်တဲ့ Tension (ခေါ်) ဖိစီးမှုများတဲ့ အမျိုးအစားဖြစ်တာကြောင့် ကာကွယ်နိုင်ပါတယ်။ ကာကွယ်နည်းတွေကတော့ စိတ်ဖိစီးမှုနည်းအောင် အလွန်အမင်း ပူပင်သောက မရောက်အောင် ထိန်းချုပ်တာ၊ မဖြစ်သေးတာတွေကို ကြိုပြီးမပူပင်တာ၊ စိတ်ကိုဖြေလျှော့အနားယူတာ၊ ခေါင်းလေ့ကျင့်ခန်းလုပ်တာ၊ ခေါင်းအနေအထား မှန်အောင်အတွက် ကွန်ပြူတာ အကြာကြီးကြည့် အလုပ်လုပ်ရသူတွေအနေနဲ့ မျက်စိနဲ့ တည့်တည့်ထားကြည့်လုပ်တာ၊ ကားနဲ့အကြာကြီး ခရီးသွားရသူတွေအနေနဲ့ လည်ပင်းခွခေါင်းအုံးနဲ့ ခေါင်းကိုထိန်းပေးတာ၊ အစာမှန်မှန်စားတာ၊ ရေမှန်မှန်ဝအောင်သောက်တာတွေ လုပ်ပေးခြင်းတွေဖြစ်ပါတယ်။ ဒီ အဖြစ်များတဲ့ ဖိစီးမှုခေါင်းကိုက်တာ ဖြစ်လာခဲ့လျှင်လဲ ခေါင်းကိုက်ပျှောက်ဆေး တစ်ကြိမ်၊ နှစ်ကြိမ်သောက်တာ၊ အနားယူတာနဲ့ ရေများများသောက်ပေးခြင်းဖြင့် အများစု ပျောက်သွားလေ့ရှိပါတယ်။

ဒီရောဂါဆိုင်ရာ ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။