Your browser doesn’t support HTML5
ရေယုန်ရောဂါဟာ မြန်မာနိုင်ငံမှာအဖြစ်များနေပြီး၊ ကိုယ်ဝန်ဆောင်မိခင်မှာ ဖြစ်လာလျှင် ကလေးကိုပါ ကူးစက်နိုင်ကာ အသက်အန္တရာယ် ထိခိုက်တဲ့အထိ ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။
ရေယုန်ရောဂါဟာ Herpes Simplex Virus (HSV) ဗိုင်းရပ်စ်ပိုးက ကူးစက်တာကြောင့် ဖြစ်ရပြီး၊ ပိုး နှစ်မျိုးရှိရာမှာ အတိုခေါက်အားဖြင့် HSV 1 နဲ့ HSV 2 လို့ သတ်မှတ်ထားပါတယ်။ တချို့ကတော့ အပူရှပ်တာ၊ အရမ်းပူတာနဲ့ အစားအသောက် မှားတာကြောင့် ရေယုန်ဖြစ်ရတာလို့ မှားယွင်းယူဆမိခဲ့ကြပါတယ်။ ဒီရောဂါဖြစ်သူမှာ အရည်ကြည်ဖု သေးသေးလေးတွေ ကိုယ်ခန္ဓာ ဘယ်နေရာမှာမဆို ပေါ်လာနိုင်ပေမယ့်၊ အများအားဖြင့် ပါးစပ်နားတဝိုက် (နှုတ်ခမ်း၊ နှာခေါင်း အပါအဝင်) နဲ့ လိင်အင်္ဂါတဝိုက် (တင်ပါး အပါအဝင်) ဖြစ်လေ့ရှိပါတယ်။ ပါးစပ်နှုတ်ခမ်းနားတဝိုက်ဖြစ်တဲ့ ရေယုန်က HSV 1 ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်လေ့ရှိပြီး၊ လိင်အင်္ဂါတစ်ဝိုက်ဖြစ်တဲ့ ရေယုန်ကတော့ HSV 2 ဗိုင်းရပ်စ်ပိုး အမျိုးအစားကြောင့် ဖြစ်လေ့ရှိတာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ ပါးစပ်နဲ့ လိင်ဆက်ဆံတာတွေ များလာတာကြောင့်၊ ပါးစပ်နှုတ်ခမ်းမှာဖြစ်လေ့ရှိတဲ့ HSV 1 က လိင်အင်္ဂါမှာ ဖြစ်လာတာနဲ့၊ လိင်အင်္ဂါမှာ ဖြစ်လေ့ရှိတဲ့ HSV 2 ကလည်း ပါးစပ်နှုတ်ခမ်းတွေမှာ ဖြစ်လာတာတွေ များလာပါတယ်။ အထူးသတိထားဖို့က မွေးကင်းစ ကလေးတွေမှာ ရေယုန်ကူးစက်ခံရလျှင် ဆိုးဝါးတဲ့အဆင့်မှ အသက်ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ် ဖြစ်နိုင်ပါတယ်။
ဒီရောဂါက နာကျင်မှုလည်းဖြစ်စေကာ၊ နောက်တစ်ခေါက် ပြန်လည်းဖြစ်တတ်ပြီး၊ ပြန်ဖြစ်လာလျှင် အလုပ်ပျက်၊ စိတ်ဒုက္ခပေးနိုင်ပါတယ်။ နှုတ်ခမ်းမှာ အရည်ကြည်ဖုလေးတွေပေါ်လာလျှင် ကြည့်မကောင်းတာအပြင်၊ တွေ့တဲ့လူတွေကလည်း ဘာဖြစ်တာလဲလို့ ဝိုင်းမေးတတ်ကြပါတယ်။
ကူးစက်မှု အများဆုံး ရေယုန်အမျိုးအစားကတော့ HSV 1 ဗိုင်းရပ်စ်ပိုးကြောင့် ပါးစပ်နှုတ်ခမ်းနားတဝိုက်မှာ ရေယုန်ဖြစ်တာပါ။ မိသားစု၊ သူငယ်ချင်း၊ အလုပ်ခွင်အတွင်း တစ်ဦးနဲ့တစ်ဦး ထိတွေ့တာ၊ မိဘကနေ သားသမီးကိုနမ်းတာ၊ အများသုံးပစ္စည်း (ဥပမာ မျက်နှာသုတ်ပုဝါ၊ လက်သုတ်ပုဝါ၊ ပုဝါ) တွေ အတူသုံးရာကနေတဆင့် တစ်ဦးမှတစ်ဦး ကူးစက်ရတာပါ။ ရောဂါလက္ခဏာအနေနဲ့ နှုတ်ခမ်ထောင့်မှာ အရည်ကြည်ဖု သေးသေးလေးတွေ အစုလိုက်ပေါ်လာကို အဓိက တွေ့ရတတ်ပါတယ်။ အဲ့ဒီ နေရာမှာ အရည်ကြည်ဖုလေးတွေ မပေါ်လာခင်၊ နာသလို စပ်သလို ဖြစ်လာတာတွေ ရက်အနည်းငယ်ကြိုပြီး ဖြစ်တတ်ပါတယ်။ ဒီအရည်ကြည်ဖုလေးတွေက တစ်ပတ်ကနေ (၁၀) ရက်ခန့်အထိ ဆက်ပြီး ရှိနေတတ်ပါတယ်။ အများအားဖြင့် (၁၀) ရက်လောက်အကြာမှာ အနာကျက်သွားတတ်ပါတယ်။ ဒါပေမဲ့ အနာကျက်ပြီးချိန် အမာရွတ်မကျန်ဘဲ၊ ဒီ ဗိုင်းရပ်စ်ပိုး ကိုယ်ခန္ဓာ အာရုံကြောထဲမှာ ဆက်ကျန်နေတတ်ပါတယ်။ တချို့ရောဂါပိုးရှိသူတွေမှာ ရောဂါလက္ခဏာတွေ ပေါ်လာတာ၊ နာကျင်လာတာတွေကြောင့် ဆရာဝန်ပြကာ၊ ဒီရောဂါရှိမှန်း သိထားကြပါတယ်။ ဒါပေမဲ့ တချို့လူနာတွေမှာတော့ ပိုးကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာမပြဘဲ တိမ်မြုပ်နေတတ်ပါတယ်။ ဒီ HSV 1 ပိုးကြောင့်ဖြစ်လေ့ရှိတဲ့ ပါးစပ်နှုတ်ခမ်းနားတဝိုက် ရေယုန်က လူနာအများစုအတွက် နောက်တစ်ခေါက်ပြန် မဖြစ်တတ်ပါဘူး။ ဒါပေမဲ့ တချို့တလေမှာတော့ အရင်ဖြစ်ပြီးသားနေရာ (သို့မဟုတ်) ဖြစ်ပြီးသားနေရာတဝိုက်မှာ ပြန်ဖြစ်လာတတ်ပါတယ်။ အခုလို ပြန်ဖြစ်လာလျှင် ရောဂါက အရင်လောက်မဆိုးတော့ပါဘူး၊ ရောဂါလက္ခဏာတွေလည်း အရင်လောက် မပြင်းထန်ဘဲ အရင်ထက် သက်သာနေလေ့ရှိပါတယ်။ အဓိက ပြန်ဖြစ်စေတဲ့ အခြေအနေကတော့ အအေးမိတာ၊ တုတ်ကွေးဖြစ်တာ၊ နေလောင်တာ၊ ဓမ္မတာပေါ်တာ (ရာသီလာတာ) တွေနဲ့ ပတ်သက်နေလေ့ရှိပါတယ်။
HSV 2 ပိုးကူးစက်တာကြောင့် လိင်အင်္ဂါတဝိုက် ရေယုန်ဖြစ်ရာမှာ သားအိမ်ခေါင်းနဲ့ တင်ပါးနေရာတွေမှာလည်း ဖြစ်လေ့ရှိပြီး၊ လိင်ဆက်ဆံမှုကြောင့် အဓိက ကူးစက်ရတာပါ။ လိင်ကြောင့်ကူးစက်တဲ့ရောဂါ (ကာလသားရောဂါ) တွေထဲမှာ လိင်အင်္ဂါရေယုံ အမျိုးအစားကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီရောဂါရှိသူနဲ့ လိင်ဆက်ဆံပြီး (၂) ရက်ကနေ ရက် (၂၀) အတွင်း ဒီ အရည်ကြည်ဖုလေးတွေ လိင်အင်္ဂါတဝိုက် ပေါ်လာတာကို တွေ့ရလေ့ရှိပါတယ်။ ဒီ HSV 2 ပိုးကြောင့် ပထမတစ်ကြိမ်ပျောက်ပြီး နောက်တစ်ခေါက် ပြန်ဖြစ်လာသူတွေမှာတော့ အရင်ထက် ပိုမသက်သာဘဲ၊ အရင်ပုံစံအတိုင်း ရောဂါလက္ခဏာတွေကို ခံစားရလေ့ရှိပါတယ်။ အရင်ပထမတစ်ခေါက်မှာ စပ်လျှင် နောက်တစ်ခေါက် ပြန်ဖြစ်တာမှာလည်း စပ်လေ့ရှိပါတယ်။ အဓိက ရောဂါလက္ခဏာတွေကတော့ အနီကွက်တွေဖြစ်တာ၊ ယားတာ၊ နာတာ၊ စပ်တာ၊ ဆီးပူတာနဲ့ ပိုဆိုးလာတဲ့အဆင့်မှာ ကိုယ်လက်ကိုက်တာ၊ ဖျားတဲ့အထိ ဖြစ်တာတွေ ရှိပါတယ်။ နောက်တစ်ခေါက် ပြန်ဖြစ်သူတွေမှာလည်း ပြန်မဖြစ်ခင်မှာ နာတာ၊ ယားတာ ရက်အနည်းငယ်ကြိုဖြစ်ပြီးနောက်မှ အရည်ကြည်ဖုလေးတွေ ပေါ်လာတတ်ပါတယ်။ အနာတွေကျက်သွားချိန်မှာလည်း HSV 1 ပိုးကြောင့် ဖြစ်သလိုပဲ အမာရွတ်မကျန်ပေမယ့် HSV 2 ဗိုင်းရပ်ပိုးက ကိုယ်ခန္ဓာ အာရုံကြောထဲမှာ ဆက်အောင်းပြီးကျန်နေတတ်ပါတယ်။ အခုလို ဆက်ကျန်နေရာကနေ ခန္ဓာကိုယ် ပင်ပန်းလာချိန်၊ စိတ်ဖိစီးမူများလာချိန်၊ ခုခံအားကျလာချိန်၊ လိင်ဆက်ဆံချိန်နဲ့ ဓမ္မတာပေါ်ချိန်တွေမှာ ဒီပိုးက ပြန်ပေါ်လာနိုင်ပါတယ်။
ဒီရောဂါ ကူးစက်မှုက ရောဂါလက္ခဏာပေါ်လာသူတွေကနေတဆင့် ကူးတာထက်၊ ရောဂါလက္ခဏာ မပေါ်ဘဲ တိမ်မြုပ်နေသူတွေကနေတဆင့် ကူးတာက ပိုများပါတယ်။ ဆိုလိုတာက အရည်ကြည်ဖုတွေ မပေါ်ဘဲ၊ ပိုးအောင်းပြီးကျန်နေရာကနေ တခြားသူနဲ့ ထိတွေ့ဆက်ဆံချိန်မှာ ကူးစက်သွားစေတာက ကူးစက်မှုစုစုပေါင်းရဲ့ (၈၀) % အထိ ရှိနေတယ်လို့ သုတေသနလေ့လာချက်တွေမှာ တွေ့ရှိထားပါတယ်။
ဒီရောဂါကြောင့် နောက်ဆက်တွဲတွေ ဖြစ်လေ့မရှိပေမဲ့၊ ဖြစ်နိုင်တဲ့ အခြေအနေရှိထားပြီး၊ အခုလို နောက်ဆက်တွဲဖြစ်လာခဲ့ရင် ပြင်းထန်တတ်တာမို့ အထူးသတိပြု ကုသဖို့လိုပါတယ်။ ဥပမာ ပါးစပ်နှုတ်ခမ်းနားတစ်ဝိုက် ရေယုန်ကို အချိန်မီ မကုမိဘဲ မျက်စိကို သွားထိမိကိုင်မိရာကတဆင့် မျက်လုံးကို ကူးစက်သွားလျှင် မျက်လုံးကွယ်တဲ့အထိ ဖြစ်သွားနိုင်တာမို့ အရေးပေါ် အမြန်ကုသမှုခံယူဖို့ လိုပါတယ်။ အလားတူ ကိုယ်ဝန်ဆောင်တွေမှာ သားအိမ်ဝ ရေယုန်ပေါက်လာလျှင်လည်း မွေးလာချိန်မှာ ကလေးကို ကူးကာ မွေးကင်းစရေယုန် ဖြစ်သွားပါက၊ အသက်အန္ဓရာယ်ရှိတဲ့ အဆင့်ဖြစ်တာမို့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ရေယုန်ရှိလျှင် ဆရာဝန်ကို ကြိုတင် အသိပေး ကုသမှုခံယူထားဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါရှိထားသူ၊ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုခံယူထားသူ (ဥပမာ အသည်း၊ ကျောက်ကပ် အစားထိုးထားသူ) တွေနဲ့ ကိုယ်ခံအားကျဆင်းတဲ့ရောဂါ ရှိထားသူတွေမှာ ကိုယ်ခံအားနည်းတာကြောင့် ရေယုန်ပေါက်လာလျှင်၊ မူလ ပါးစပ်နားတဝိုက်နဲ့ လိင်အင်္ဂါနားတဝိုက်အပြင် တကိုယ်လုံးကိုပါ အရည်ကြည်ဖုတွေ ပျံ့သွားနိုင်တာမို့ အထူးဂရုပြု ကုသမှုခံယူဖို့ အရေးကြီးပါတယ်။
ပုံမှန် ကုသမှုအနေနဲ့ ရေယုန်ဗိုင်းရပ်စ်သတ်ဆေး လိမ်းဆေးနဲ့ စားဆေးတွေ အဓိက သုံးပြီး၊ နာကျင်မှုနဲ့အခြားလက္ခဏာတွေအတွက် ရေခဲပတ်တင်တာ၊ အကိုက်အခဲပျောက်ဆေးပေးတာနဲ့ ပိုးသတ်ဆေးလိမ်းတာ သောက်တာတွေနဲ့ တွဲပြီး ကုသပေးနိုင်ပါတယ်။ ကုသမှုခံယူလျှင် ပြန်ကောင်းသွားတာများပါတယ်။
ကာကွယ်နိုင်ရေးမှာတော့ ရေယုန်အတွက် ကာကွယ်ဆေး မပေါ်သေးပေမဲ့၊ ရောဂါရှိသူအနေနဲ့ အခြားသူတွေနဲ့ ကိုင်တွယ်ထိတွေ့နိုင်မှုကို ရှောင်ကျဉ်ပေးတာ၊ အများနဲ့တွဲပြီး ပစ္စည်းတွေကို မသုံးတာ (ဥပမာ နှုတ်ခမ်းနဲ့ထိတွေ့နိုင်တဲ့ ရေခွက်၊ ဇွန်း၊ နှုတ်ခမ်းနီ)၊ ရောဂါရှိနေချိန် လိင်ဆက်ဆံမှု နားထားတာတွေ လုပ်ပေးသင့်ပါတယ်။ အားလုံးအတွက်လည်း တလင်တမယားလိင်ဆက်ဆံမှုစနစ်က အကောင်းဆုံးဖြစ်ပြီး၊ အခြားသူများနဲ့ လိင်ဆက်ဆံမိလျှင်လည်း အကာအကွယ် (ကွန်ဒုံး) သုံးတာတွေ လုပ်ဆောင်ပေးသင့်ပါတယ်။ အကောင်းဆုံး ကာကွယ်နည်းကတော့ ဒီရောဂါရှိထားသူနဲ့ မထိတွေ့ မဆက်ဆံတာပဲ ဖြစ်ပါတယ်။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း ကမြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။