Your browser doesn’t support HTML5
ရေယုန်ကြီးရောဂါဟာ ကမ္ဘာမှာရော မြန်မာမှာပါ အဖြစ်များပြီး၊ မျက်စိမှာဖြစ်လျှင် အန္တရာယ်ကြီးကာ၊ အသက်ကြီးသူတွေမှာလည်း ပိုဆိုးတတ်တာမို့၊ စောစောသိပြီး အမြန်ကုသသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။
ရေကျောက်ဖြစ်ပြီး ရေကျောက်ဗိုင်းရပ်စ်ပိုး ကိုယ်တွင်း အာရုံကြောထဲ ခိုအောင်း ကျန်ခဲ့ရာကနေ၊ တချိန်မှာ ဒီပိုးပြန်ထကြွပြီး ရေယုန်ကြီးရောဂါ အဓိက ဖြစ်ရတာပါ။ ဒီဗိုင်းရပ်စ်ပိုး ပြန်ထကြွရခြင်း အကြောင်းရင်း အတိအကျမသိရသေးးပေမယ့် ရုတ်တရက် ကိုယ်ခံအားကျဆင်းချိန်ဖြစ်တဲ့ တုတ်ကွေးဖြစ်တာ၊ ဖျားတာ၊ စိတ်ဖိစီးမှုများတာ၊ ကင်ဆာဖြစ်တာ၊ ကင်ဆာဆေးကုသခံနေရတာ၊ AIDS ကိုယ်ခံအားကျရောဂါဖြစ်တာ၊ ဆီးချို ထိန်းမရတာ၊ ကိုယ်တွင်းအင်္ဂါ အစားထိုးကုထားရတာ၊ Cortisone (Steroid) ဆေး အချိန်ကြာသောက်နေရတာတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။
ရေယုန်ကြီးရောဂါဖြစ်ပြီးချိန်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်တာနည်းပြီး၊ ရေကျာက်ဖြစ်ချိန်တုန်းမှာ ဒီပိုးကူူးစက်ခဲ့တာ များခဲ့တာပါ။ ရေကျောက်မဖြစ်သေးတဲ့ မွေးကင်းစတွေနဲ့ ကိုယ်ခံအားကျနေသူတွေမှာတော့ ရေယုန်ကြီးဖြစ်ပြီးချိန်မှာလည်း ကူးစက်လွယ်ပါတယ်။ ဒီရေကျောက်ဗိုင်းရပ်စ်ပိုးက အသက်ရှုလမ်းကြောင်းကနေ အဓိက ကူးစက်တာများပြီး၊ ထိတွေ့မှုကတဆင့်လည်း တချို. ကူးစက်တတ်ပါတယ်။
ကာကွယ်နိုင်ဖို့အတွက် ရေကျောက်၊ ရေယုန်ကြီးဖြစ်နေသူတွေနဲ့ တတ်နိုင်သမျှ ခပ်ဝေးဝေး နေနိုင်လျှင် အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလူနာတွေကို စောင့်ရှောက်ပေးရတဲ့ လူနာရှင် မိသားစုတွေအနေနဲ့တော့ ရှောင်နိုင်ဖို့ ခက်ခဲနိုင်ရာမှာ၊ နှာခေါင်းစွပ် သုံးကာကွယ်တာတော့ လုပ်ပေးသင့်ပါတယ်။ ရေကျောက်ကာကွယ်ဆေးကတော့ စမ်းသပ်နေဆဲပါ။
ရေယုန်ကြီးရောဂါဖြစ်လာလျှင် စောစောသိ၊ အမြန်ဆုံးကုသနိုင်ဖို့၊ ရောဂါလက္ခဏာတွေကို ကြိုသိထားဖို့ အထူး အရေးကြီးပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဆိုးဆိုးဝါးဝါး မခံစားရအောင်ပါ။ အဓိက လက္ခဏာတွေကတော့ အရေပြားတနေရာမှာ စပ်တာ၊ နာတာ၊ စူးတာစဖြစ်ပြီး၊ ရက်ပိုင်းအတွင်း အဲ့ဒိနေရာမှာ အနီပြင်ပေါ်လာကာ၊ ဒီအနီပြင်ပေါ်မှာ ရေကျောက်လို အရည်ကြည်ဖုတွေ အစုလိုက် အပြုံလိုက် အုပ်စုလိုက် နောက်ပိုင်း ဆက်ထွက်လာတာပါ။ အများစုက ကိုယ်ခန္ဓာပိုင်းနဲ့ တင်ပါးမှာဖြစ်ပြီး၊ မျက်နှာ၊ လက်မောင်းနဲ့ ခြေထောက်မှာလည်း ဖြစ်တတ်ပါတယ်။ ဒီအနာတွေက သူ့နေရာနဲ့သူပဲ တနေရာထဲ သီးသန့်ကွက်ဖြစ်တတ်ပြီး၊ တကိုယ်လုံပျံ့သွားလေ့မရှိပါဘူး။ ဖျားတာ၊ ခေါင်းကိုက်တာလည်း တွဲဖြစ်လာနိုင်ပါတယ်။ ဒီအရည်ကြည်အဖုလေးတွေပေါက်သွားချိန်မှာတော့ အနာတွေဖြစ်၊ နောက် အနားဖေးတွေတက်ပြီး အနာပြန်ကျက်တတ်ပေမဲ့၊ နောက်ဆက်တွဲ ဘက်တီးရီးယားပိုးဝင်ပြီး ပြည်တည်တာနဲ့ အခန့်မသင့်လျှင် တချို.မှာ အမာရွတ်ဆက်ကျန်နေတတ်ပါတယ်။ ခုလို အစအဆုံးဖြစ်စဉ်တစ်ခုလုံးက (၂) ပတ်ကနေ (၃) ပတ်အထိ ကြာတတ်ပါတယ်။ တချို.မှာလဲ အနာကျက်ပေမဲ့ နာတာ ဆက်ခံစားနေရနိုင်ပါတယ်။ မျက်နှာမှာဖြစ်ပြီး မျက်စိကို ကူးသွားလျှင်တော့ မျက်စိအာရုံကြောထိခိုက်ပြီး အမြင်အာရုံဆုံးရှုံးနိုင်တာမို့ အထူးရရုစိုက်ပြီး၊ အမြန် မျက်စိဆရာဝန်နဲ့ပါ တွဲကုသဖို့ အထူးအရေးကြီးပါတယ်။
ဒီလက္ခဏာတွေကို စောစော သတိမပြုမိဘဲ၊ စောစော ကုသမှု မခံယူနိုင်လျှင်တော့ မျက်စိထိခိုက်နိုင်တာအပြင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်သွားစေနိုင်ပါတယ်။ အများစုဖြစ်တဲ့ နောက်ဆက်တွဲကတော့ ရေယုန်ကြီး ပျောက်သွားပေမဲ့ နာတာ ဆိုးဆိုးဝါးဝါး ဆက် ခံစားနေရတာပါ။ အရေပြားပေါ်က အနာကျက်ပေမဲ့ အရေပြားအောက်က အာရုံကြောတွေ ထိခိုက်ပျက်စီးသွားလို့ပါ။ ဒီနာတာမျိုးက တချိန်လုံးနာတာ၊ လနဲ့ချီ နှစ်နဲ့ချီ ကာလကြာရှည်နာနေတာ၊ အိပ်မရအောင်ဖြစ်တာမျိုးပါ။ အသက်ကြီးတဲ့သူတွေမှာ ခုလိုဖြစ်တာ ပိုဆိုးတတ်တာမို့၊ ဒီနာကျင်မှုတွေ ဆိုးဆိုးဝါးဝါး ဆက်မခံစားရအောင် ရောဂါစဖြစ်ခါစမှာ အမြန်ကုသဖို့ အထူးအရေးကြီးပါတယ်။ နောက်ဖြစ်တတ်တဲ့ နောက်ဆက်တွဲကတော့ ဘက်တီးရီးယားပိုး ဆက်ဝင်လာပြီး၊ အနာကျက်တာနှေးတာ၊ နီတာနဲ့ နာတာ ပိုကြာတာနဲ့ နောက်တစ်ခေါက် ပြန်ဖြစ်တတ်တာပါ။ နောက် တစ်ခုကတော့ အဖြစ်မများပေမဲ့ ကိုယ်ခံအားကျနေသူတွေမှာ ဖြစ်တတ်တဲ့ ဒီရေယုန်ကြီးအနာတွေ တခြားနေရာတွေနဲ့ တကိုယ်လုံးအထိပါ ပျံ.သွားတာပါ။ ဒါတွေအတွက်လည်း စောစောထိရောက်အောင် ကုသဖို့ အရေးကြီးပါတယ်။
ကုသမှု အနေနဲ့ ဗိုင်းရပ်စ်သတ်ဆေးနဲ့ စောစော ကုသနိုင်လျှင် အနာဖြစ်တဲ့အချိန်တိုပြီး၊ အနာ မြန်မြန်ကျက်ကာ၊ နာတာလည်း သိပ်မဖြစ်ဘဲ၊ အခန့်မသင့်လို့ ပြန်ဖြစ်ရတာလည်း နည်းသွားစေပါတယ်။ နောက်ဆက်တွဲ ဘက်တီးရီးယားပိုးဝင် လာလျှင်တော့ ပဋိဇီဝဆေး တွဲပေးဖို့ လိုပါတယ်။ နာကျင်မှုများလျှင်လည်း ရေခဲပတ်တင်တာနဲ့ အကိုက်အခဲပျောက်ဆေးပေးဖို့လိုပါတယ်။ နာကျင်မှုများလွန်းပြီး ရောင်ရမ်းမှုပါများလျှင်တော့ Cortisone (steroid) ဆေးပါ၊ အကိုက်အခဲပျှောက်ဆေးတွေ၊ စိတ်ဓာတ်မကျဆေးတွေနဲ့ တွဲပေးနိုင်ပါတယ်။ နေရောင်ခြည်ဒဏ် မခံရအောင်လည်း ရှောင်သင့်ပါတယ်၊ နေရောင်ခြည်ထိတာကြောင့် ပိုဆိုးစေလို့ပါ။ ဒါ့အပြင် ကိုယ်ခံအားကျနေချိန် ဒီရောဂါဖြစ်လာရတာမို့၊ တခြား အအေးမိ၊နှာစေးရောဂါတွေ ကူးစက်မခံရအောင် လူသူအသွားအလာများတဲ့နေရာတွေ ရှောင်ကျဉ်ပြီး၊ အိမ်မှာ (၁) ပတ်၊ (၁၀) ရက်ခန့် နားနေသင့်ပါတယ်။
ရေယုန်ကြီးရောဂါဖြစ်ရာမှာ တချို.မှာ အမာရွတ် ဆက်ကျန်ခဲ့တတ်ပါတယ်။ အဓိက အကြောင်းရင်းတွေကတော့ ရောဂါဖြစ်နေမှန်း မသိတာ၊ ကုသမှုနောက်ကျတာ၊ ဒီဗိုင်းရပ်သေဆေး မသုံးမိတာ၊ ဘက်တီးရီးယား ပိုးဝင်လာတာအပါအဝင် နောက်ဆက်တွဲတစ်ခုခု ဆက်ဖြစ်လာလို့ပါ။ ဒါ့အပြင် အသက်ကြီးသူတွေနဲ့ ခုခံအားကျနေသူတွေမှာလည်း အမာရွတ် ဆက်ကျန်နေတတ်ပါတယ်။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ရန် ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို မေးမြန်းတင်ပြထားပါတယ်။