Your browser doesn’t support HTML5
မြန်မာနိုင်ငံက အဝေးပြေးအမြန်လမ်းသစ်မှာ ယာဉ်တိုက်မှုတွေနဲ့ သေဆုံးဒဏ်ရာရမှုတွေ တနှစ်ပြီး တနှစ် ပိုများလာနေတယ်လို့ အရေးပေါ်အထူးကုတွေက သတိပေးနေပါတယ်။
ရန်ကုန်-မန္တလေး Highway အမြန်လမ်းသစ် စဖွင့်ချိန်၂၀၀၉ ခုနှစ်ကနေ အခုချိန်ထိ ယာဉ်မတော်တဆတိုက်ပြီး သေဆုံးခဲ့ရသူပေါင်း (၆၅၀) ခန့် နဲ့ ဒဏ်ရာရသူပေါင်း (၄၀၀၀) ခန့် ရှိလာခဲ့ပြီး အန္တရာယ်ပိုများလာနေပါတယ်။ တနှစ်လျှင် ပျမ်းမျှခြင်းအားဖြင့် ဒီအမြန်လမ်းပေါ်းမှာ ယာဉ်တိုက်မှုပေါင်း (၅၀၀) မှ (၇၀၀) အထိရှိနေပြီး၊ သေဆုံးမှုကလည်း တနှစ်ပျမ်းမျှ (၁၅၀) ဦးကနေ (၁၇၀) ဦး အထိရှိလာကာ အန္တရာယ်ကြီးလာနေပါတယ်။
အခုလို အမြန်လမ်းမှာ ယာဉ်မတော်တဆတိုက် သေဆုံးဒဏ်ရာရမှုတွေ များလာရခြင်း အဓိကအကြောင်းရင်း (၄) ရပ် ရှိပါတယ်။ ဒါတွေကတော့ အရှိန်အမြန်နှုန်း (Speed) များလာမှု၊ လမ်းအနေအထားအားနည်းမှု၊ ယာဉ်မောင်းကျွမ်းကျင်မှုပြဿနာ၊ ယာဉ်နဲ့လမ်းစည်းကမ်း လိုက်နာခြင်း အားနည်းမှုတွေဖြစ်ပါတယ်။ လူ (၁၀) ဦးအထက် ကြီးမားတဲ့ သေဆုံးမှု အဖြစ်များတာတာက လူအများအပြားတင်တဲ့ Light Truck (Pick up) နဲ့ ဘတ်စကားတွေမှာ ဖြစ်တတ်ပါတယ်။
ယေဘုယျအားဖြင့် အမြန်လမ်းယာဉ်မတော်တဆ အများဆုံး ဖြစ်တဲ့ယာဉ်အမျိုးအစားကတော့ လူ ဆယ်ဂဏန်းတွေနဲချီ အများကြီးတင်တဲ့ ဒီ Light Truck ကားလေးတွေဖြစ်ပြီး၊ ဒုတိယအများဆုံးကတော့ ကိုယ်ပိုင်ကား (အထူးသဖြင့် SUV နဲ့ Toyota Surf လို ကား) ဖြစ်ကာ၊ တတိယ အများဆုံးက အဝေးပြေး ခရီးသည်တင် ဘတ်စကားကြီးတွေပါ။ မကြာခင်ကပဲ ဒီအမြန်လမ်းမှာ ညဖက် ပျက်ပြီးရပ်ထားတဲ့ ဘုရားဖူးအမြန်ယာဉ်ကို အဝေးပြေးဘတ်စ်ကားကြီးက ဝင်တိုက်ပြီး၊ အနည်းဆုံး (၁၄) ဦးသေဆုံးခဲရကာ၊ အရင်တုံးကလည်း အလားတူ ကြီးမားတဲ့ (၁၀) ဦးအထက် သေဆုံးမှုတွေ ဒီအမြန်လမ်းမှာ ကြုံခဲ့ရပါတယ်။
အရှိန်အမြန်နှုန်း (Speed) နဲ့ ပတ်သက်ပြီး ဒီ အမြန်လမ်းမှာ ကားအများစုအတွက် အများအားဖြင့် တစ်နာရီလျှင် ကီလိုမီတာ (၁၀၀) အထိ ပေးထားပြီး၊ ယာဉ်တိုက်မှုအများဆုံးဖြစ်တဲ့ Light Truck ကားလေးတွေအတွက်တော့ တစ်နာရီလျှင် ကီလိုမီတာ (၈၀) အထိသာပေးထားပါတယ်။ ဒါပေမဲ့ အမြန်လမ်းမှာ လမ်းကြောရှင်းတာနဲ့ အခုနောက်ပိုင်းမှာ အရှိန်များများသွားတဲ့ ကားသစ်တွေ မောင်းလာပြီး၊ အမြန်ရောက်ချင်ဇောနဲ့ ကိုယ့်အရှိန်ကိုယ် သတိမထားမိဘဲ၊ ကီလိုမီတာ (၁၂၀) ကနေ (၁၅၀) အထိ မောင်းမိသွားတတ်ကြပါတယ်။ တချို့ယာဉ်မောင်းတွေအတွက်တော့ အမြန်လမ်းမောင်းတဲ့ အတွေ့အကြုံနည်းပြီး အရှိန်များတာကို သတိမမူမိကြတာတွေလည်း ရှိပါတယ်။ အခုလို အခြေအနေတွေကြောင့် အမြန်နှုန်း လွန်သွားချိန်မှာ လမ်းအခြေအနေ၊ ရာသီဥတုဆိုးတာနဲ့ ဘေးက ဆိုင်ကယ်၊လူနဲ့ တိရစ္ဆာန်တွေဖြတ်တာ ရုတ်တရက်ကြုံရပြီး ဘရိတ်အုပ်ရာကနေ ဒီ မတော်တဆမှုတွေ ဖြစ်ရတာပါ။ တချို့မှာလည်း ကိုယ်မောင်းနေကျ ကား မဟုတ်တာကြောင့် အမြန်နှုန်းများသွားတာကို သတိမထားမိတာနဲ့ နောက် အရှိန်မထိန်းနိုင်တာတွေဖြစ်ကာ၊ အထူးသဖြင့် ယာဉ်ကြံခိုင်မှုနဲ့ ကားတာယာ ကြံခိုင်မှု မကောင်းချိန်မှာ အန္တရာယ် ပိုများသွားပါတယ်။ အခုလို မဖြစ်အောင် ကာကွယ်ဖို့ သတ်မှတ်ထားတဲ့နေရာမှာ သတ်မှတ်တဲ့ မိုင်နှုန်းထက် ကျော်မမောင်းသင့်ပါဘူး။
လမ်းအနေအထားအရလည်း ယာဉ်မတော်တဆမှု မကြာခဏဖြစ်လေ့ရှိတဲ့ နေရာတွေရှိနေပါတယ်။ တချို့မိုင်တိုင်တွေနဲ့ အကွေ့အကောက်တွေ၊ လမ်းဘေးအကာအရံ တားထားတဲ့နေရာတွေ၊ လမ်းချော်တဲ့နေရာတွေနဲ့ လမ်းကျဉ်းတဲ့နေရာတွေမျိုးမှာ ထပ်ခါထပ်ခါ အခုလို ဖြစ်နေတာကြောင့် လမ်းသတိပေးဆိုင်းဘုတ်တွေ ထားရုံနဲ့ မလုံလောက်တော့ပါဘူး။ အခုလို အန္တရာယ်များတဲ့နေရာတွေမှာ အရှိန်လျှော့မောင်းဖို့ သတိပေးဆိုင်းဘုတ်တွေ ထားရှိတာအပြင်၊ အန္တရာယ်ဖြစ်စေတဲ့ အကြောင်းရင်းကိုပါရှာဖွေပြီး အန္တရာယ်နည်းသွားအောင် လမ်းဒီဇိုင်းပုံစံကိုပါ ပြုပြင်ပေးသင့်ပါတယ်။ ဥပမာ အဖြစ်များလွန်းတဲ့ လမ်းအကွေ့ချိုးတာ များတဲ့နေရာတွေမှာ လမ်းပိုဖြောင့်သွားအောင်နဲ့ လမ်းချော်တဲ့နေရာတွေမှာ လမ်းမချော်အောင် ပြုပြင်ပေးတာမျိုးနဲ့ ဒီယာဉ်မတော်တဆ ဖြစ်မှုတွေ နည်းသွားစေနိုင်ပါတယ်။
ယာဉ်မောင်းကျွမ်းကျင်မှုနဲ့ ပတ်သက်ပြီး အထူးသဖြင့် သူငယ်ချင်း၊ မိသားစုတွေနဲ့ အတူသွားရင်း တစ်ယောက်တစ်လှည့်မောင်းရာကနေ ကိုယ်မောင်းနေကျကား မဟုတ်တာကြောင့် မတော်တဆ ဖြစ်တတ်ပါတယ်။ နောက် အထူးအရေးကြီးတာက ယာဉ်မောင်းကိုယ်တိုင် ပင်ပန်းပြီး အိပ်ငိုက်လာတာကြောင့် ယာဉ်တိုက်မှုတွေ အမြန်လမ်းမှာ အဖြစ်များနေတာ တွေ့ရပါတယ်။ အထူးသဖြင့် ညအိပ်ရေးပျက်ခံပြီး ခရီးဝေးမောင်းရတဲ့ ဘတ်စကား ဒရိုင်ဘာတွေနဲ့ တခုခုကြောင့် ပင်ပန်းနွမ်းနယ်နေပြီး မောင်းရသူတွေမှာ ပိုအဖြစ်များနေပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် ပင်ပန်းနွမ်းနယ်နေချိန်၊ အိပ်ရေးပျက်နေချိန်မှာ မမောင်းဘဲ၊ မောင်းတတ်တဲ့ တခြားသူတစ်ဦးဦးရှိပါက ပေးမောင်းသင့်ပါတယ်။ တကယ်လို့ ပင်ပန်းနေချိန် မဖြစ်မနေမောင်းမိလျှင်လည်း မိုင် (၅၀) တကြိမ်စီ နားပြီး၊ ပြန်သက်သာလာမှသာ ပြန်မောင်းသင့်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနက ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။