သက်ကြီးရွယ်အို အိပ်စက်ခြင်း ပြဿနာ

  • ဝင်းမင်း

Your browser doesn’t support HTML5

သက်ကြီးရွယ်အို အိပ်စက်ခြင်း ပြဿနာ


မြန်မာနိုင်ငံမှာ အသက် (၆၅) နှစ်ကျော်လာသူ (၅၀) ရာခိုင်နှုန်းကျော်ဟာ အိပ်စက်ခြင်း ပြဿနာ ရောဂါဝေဒနာကို ဆေးရုံဆေးခန်း လာပြလေ့ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိုကြပါတယ်။

သက်ကြီး အိပ်စက်မှုပြဿနာ ဖြစ်ရပုံက အသက်ကြီးလာသူတွေမှာ ပုံမှန် မျက်လုံးမလှုပ်တဲ့ အိပ်စက်မှု အမြင့်ဆုံး အဆင့်တွေ တိုတောင်းလာပြီး ညမှာ အိပ်ချိန်နည်းကာ နေ့မှာ အိပ်ငိုက်လာတာပါ။ ပုံမှန်အားဖြင့် တစ်ညကို ပျှမ်းမျှ (၈) နာရီအိပ်သင့်ပါတယ်။ ဒီ အိပ်စက်မှု ပြဿနာ ဖြစ်ရခြင်းကတော့ မူရင်းအိပ်စက်မှုပုံစံ ပျက်လာတဲ့ ဝေဒနာဖြစ်လာတာ၊ အသက်ရှုလမ်းကြောင်းပိတ်တာ၊ ညပိုင်း ခြေလက်လှုပ်တဲ့ ဝေဒနာတွေဖြစ်လာတာ၊ မျက်လုံးအမြန်လှုပ်အိပ်စက်ခြင်းမှာ အပြုအမှုလွဲတဲ့ရောဂါ ဖြစ်လာတာနဲ့ ကိုယ်ခန္ဓာရောဂါတွေဖြစ်တဲ့ နာကျင်မှုဝေဒနာခံစားရတာ၊ အာရုံကြောရောဂါ၊ နှလုံးရောဂါ၊ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါ၊ အဆုပ်ရောဂါ၊ စိတ်ရောဂါ၊ သူငယ်ပြန်မှတ်ဉာက်မေ့တဲ့ရောဂါတွေ ဖြစ်လာတာအပြင် ဆေးဝါးတချို့ (စိတ်ကျသက်သာဆေး၊ သွေးပေါင်ကျဆေး၊ Steroid ဆေး၊ Anticholinergic ဆေး၊ ဆီးဆေး၊ တိုင်းရင်းဆေး၊ နှာခေါင်းပွင့်ဆေး၊ လေပြွန်ကျယ်ဆေး) နဲ့ အခြားအစားအသောက် (အရက်၊ ကော်ဖီ၊ ဆေးလိပ်၊ Lipo အားဖြည့်ဆေး) တွေကြောင့်နဲ့ အိပ်စက်မှုပုံစံ မမှန်တာတွေကြောင့် ဖြစ်ပါတယ်။

အိပ်စက်ခြင်း ပြဿနာ မဖြစ်အောင် ကာကွယ်ဖို့ အိပ်တဲ့ပုံစံမှန်အောင်အတွက် အိပ်ချိန်၊ ထချိန် ပုံမှန်ဖြစ်အောင် လေ့ကျင့်ယူတာ၊ အိပ်ယာထဲမှာ တီဗီကြည့်တာ၊ ဖုန်းပြောတာ၊ စာဖတ်တာတွေမလုပ်ဘဲ အိပ်ယာကို အိပ်ဖို့ပဲသုံးတာ၊ မအိပ်ခင် စိတ်ဖိစီးမှုများစေတာတွေ မလုပ်ဘဲ ဖြေလျော့ပေးနိုင်တာတွေပဲလုပ်တာ၊ အိပ်ယာပတ်ဝန်းကျင်မှာ ဆူညံသံ နည်းစေတာ၊ အလင်းရောင်အများကြီး မဝင်စေတာ၊ အခန်းနဲ့အိပ်ယာ သက်တောင့်သက်သာဖြစ်စေတာ၊ သင့်တင့်တဲ့ အခန်းအပူချိန် ရှိစေတာတွေအပြင် နေ့ဖက်မှာ ပုံမှန်လုပ်ငန်းတွေလုပ်ပြီး အားကစားလေ့ကျင့်ခန်း (လမ်းလျှောက်တာ) လုပ်တာ၊ ကော်ဖီ၊ အရက်၊ Lipo အားဖြည့်ဆေးတွေကို နေ့လည်နဲ့ညနေပိုင်းတွေမှာ သောက်သုံးခြင်းတွေ မလုပ်သင့်ပါ။

အိပ်စက်မှု ပြဿနာကို ကုသရာမှာ အခြေခံ အကြောင်းရင်းအလိုက် ကုသမှုတွေ ရှိပါတယ်။ ဝပြီး နေ့ခင်းဖက် အိပ်ငိုက်တတ်သူတွေမှာ ဖြစ်လေ့ရှိပြီး အိပ်ချိန် တရှုးရူးဟောက်တဲ့ လက္ခဏာပြတဲ့ အသက်ရှုလမ်းကြောင်းပိတ်ရောဂါအတွက် အသက်ရှု အထောက်အကူပြုပစ္စည်းသုံးတာနဲ့ ကိုယ်အလေးချိန်ချပေးခြင်းဖြင့် ကုသနိုင်ပါတယ်။ ၎င်းတို့အတွက် အိပ်ဆေးပေးရင် ပိုဆိုးသွားစေနိုင်ပါတယ်။ အိပ်ချိန်မှာ ကန်တတ်ပြီး နိုးလာတတ်ကာ နေ့ခင်းဖက်အိပ်ငိုက်တဲ့ လက္ခဏာပြတဲ့ ခြေလက်တွေလှုပ်သူတွေအတွက်လည်း Dopaminergic ဆေးတွေ ထိန်းပြီး ပေးနိုင်ပါတယ်။ အိပ်ရင်း ညဖက်ထလျှောက်တာ၊ အိပ်ရင်း ပြုတ်ကျတာ၊ ဒဏ်ရာပါရတာ စတဲ့ လက္ခဏာတွေ ပြတတ်တဲ့ မျက်လုံးအမြန်လှုပ်အိပ်စက်ခြင်းမှာ အပြုအမှုလွဲတဲ့ရောဂါဖြစ်သူတွေ အတွက် အိပ်ဆေးတွေ ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဂယောင်ခြောက်ခြား မဖြစ်အောင် အိပ်ဆေးတွေကို ထိန်းပေးဖို့လိုပါတယ်။ ကျန်တာကတော့ အထက်မှာ ဖော်ပြခဲ့တဲ့ ဖြစ်ရခြင်း အခြေခံ ခန္တာကိုယ်ရောဂါတွေကို စနစ်တကျ ကုသပေးရပါမယ်။ ဒါ့အပြင် အိပ်စက်မှုပုံစံမှန်အောင်နဲ့ အခြားပြုစုကုသရာမှာ မိသားစုဝင်တွေကလဲ ဝိုင်းကူပေးသင့်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က တပ်မတော်ဆေးတက္ကသိုလ် စိတ်ကျန်းမာ၊ပညာဌာန ပါမောက္ခ၊ ဌာနမှူးနဲ့ ဦးနှောက်အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါအထူးကု ဒေါက်တာ ဉာဏ်ဝင်းကျော် ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။