အရွယ်ရလာချိန် အရက် အယူဆမှားမှုနဲ့ ထိခိုက်မှု

  • ဝင်းမင်း

(Photo by Flickr user Andy via Creative Commons license)

အသက်အရွယ်ကြီးလာသူတချို့မှာ အရက်ကြောင့် ကျန်းမာရေး ကောင်းစေနိုင်တာတချို.ရှိတယ်လို့ ယူဆမှားတတ်ပေမဲ့၊ တကယ်တမ်းက ကောင်းစေတာမရှိဘူးလို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေပါတယ်။

သက်ကြီးတချို့က အရက်သောက်တာကြောင့် မှတ်ဉာဏ်နဲ့ နှလုံးကို ကောင်းစေနိုင်တယ်ဆိုတာမျိုး မှားယွင်းယူဆတတ်ကြပါတယ်။ အရက်သောက်လိုက်အပြီး မကြာခင် မိနစ်ပိုင်းအတွင်းက ဖြစ်ခဲ့တာကို ပြန်ဖော်တဲ့မှတ်ဉာဏ် (Short-term Memory) ကောင်းနိုင်ပေမဲ့၊ ဒီထက်ပိုကြာတဲ့ ဖြစ်ရပ်မျိုး ပြန်ဖော်ရတာ (Long-term memory) ကိုတော့ မကောင်းစေဘဲ ပိုခက်သွားစေပါတယ်။ အကြောင်းက ဦးနှောက်ရဲ့ အရှေ့ပိုင်းက မှတ်ဉာဏ်ဆဲလ်တွေကို အရက်က ထိခိုက်ပျက်စီးစေတာကို သိပ္ပံနည်းကျ သုတေသနတွေ့ထားလို့ပါ။ ငယ်ရွယ်သူတွေမှာတောင် အရက်သောက်သူရဲ့ ဦးနှောက်ဟာ အရက်မသောက်သူရဲ့ ဦးနှောက်ထက် ကျုံ့ပြီးသေးငယ်မှုဖြစ်တာ (Shrinkage) ပိုများသွားတာကို စစ်ဆေးတွေ့ရှိထားပါတယ်။

ဒါ့အပြင် အရက်ကြောင့် နှလုံးကို အားကောင်းစေပြီး၊ သွေးတိုးလျော့ကျစေနိုင်တယ်လို့ တချို့မှားယွင်း ယူဆတတ်ကြပါသေးတယ်။ လေ့လာတွေ့ရှိချက်တွေအရ အရက်သောက်ပြီပြီးချင်း ခဏတာ (နာရီပိုင်းအတွင်း) မှာ သွေးပေါင်ချိန် ကျသွားတတ်ပေမဲ့၊ မကြာခင် နောက်ပိုင်းမှာတော့ သွေးပေါင်ချိန် ပြန်တက်စေနိုင်တာအပြင်၊ ကြာလာလျှင် နှလုံးနဲ့သွေးကြောတွေ ထိခိုက်လာပြီး၊ သွေးတိုးတာ (Hypertension)၊ နောက်ပိုင်း နှလုံးကြွက်သား ထိခိုက်ပြီး နှလုံးကောင်းကောင်းအလုပ်မလုပ်တာ (Cardiomyopathy)၊ နောက်ဆုံး နှလုံးအလုပ်မလုပ်တော့တာ (Heart Failure) နဲ့ သွေးအရမ်းတိုးကာ လေဖြတ်တာ (Stroke) အထိတောင် ဖြစ်စေနိုင်ပါတယ်။

အရက်ကြောင့် အရင်ပြောခဲ့တဲ့ မှတ်ဉာဏ်ထိခိုက်စေတာနဲ့ အများသိထားတဲ့ အသည်းရောဂါတွေအပြင် ဆီးချိုရောဂါဖြစ်စေကာ၊ အဆုပ်၊ ကျောက်ကပ် စတာတွေကို ဆက်ထိခိုက်စေနိုင်ပါတယ်။ အရက်က သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးတဲ့ ဟော်မုန်း (အင်ဆူလင်) ကို ဆန်ကျင်တာအပြင်၊ အရက်အတော်များများမှာကိုက သွေးတွင်းသကြားဓာတ်ကို မြင့်မားစေတဲ့ ကဆီ (ကာဘိုဟိုက်ဒရိတ်) ဓာတ်တွေ အများအပြားပါဝင်နေတာကြောင့် အင်ဆူလင်ဟော်မုန်း ပိုအလုပ်လုပ် မနိုင်မနင်းဖြစ်ရကာ ဆီးချို ဖြစ်စေနိုင်တာပါ။ ဒါ့အပြင် အပြင်က အငွေ့တွေ (ဓာတ်ငွေ့နဲ့ ဆေးလိပ်အပါအဝင်) ကနေ အဆုပ် ထိခိုက်ပြီး အဆုပ်ပွတာ (Emphysema) မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အင်ဇိုင်း (Glutathione) ဓာတ်တွေဟာလည်း၊ အရက်ကြောင့် ခန္ဓာကိုယ်မှာ အထွက်နည်းသွားပြီး၊ ဆက်အကာအကွယ် မပေးနိုင်တော့တဲ့ အနေအထားကိုရောက်ကာ အဆုပ်ပွတာပါ ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် အခု နောက်ပိုင်းမှာ အရက်ကြောင့် အရေးပြားထိခိုက်တာနဲ့ ကင်ဆာရောဂါတွေပါ ဆက်ဖြစ်စေနိုင်တာကိုလည်း ပိုမိုတွေ့ရှိလာပါတယ်။ အရက်ကြောင့် အရေပြားကျုံ့တာနဲ့ ကင်ဆာအများအပြား ဖြစ်စေတာကို အရင်ထဲက တွေ့ရှိထားပြီး ဖြစ်ပါတယ်။ ဥပမာအားဖြင့် အရက်ကြောင့် အသည်းကျုံ့တာ (Cirrhosis) နဲ့ အသည်းကင်ဆာအပြင်၊ ပါးစပ်တွင်းကင်ဆာတွေ၊ အစာပြွန်ကင်ဆာ၊ လေပြွန်ကင်ဆာ၊ အူမကြီးကင်ဆာ (Colone Cancer) ဖြစ်တာတွေကနေ၊ အခု နောက်ဆုံးမှာ ရင်သားကင်ဆာ (Breast Cancer) အထိ ပါဝင်လာတာကို တွေ့ရှိလာနေပါတယ်။ ဒါ့ကြောင့် အရက်ကြောင့် ခန္တာကိုယ်ကို ကောင်းစေနိုင်တာမျိုး သိပ္ပံပညာ တွေ့ရှိချက်တွေမှာ တခုမှ မတွေ့ထားဘူးလို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြလာနေကြတာပါ။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Kaiser Santa Clara (ကိုင်ဇာ စန်တာကလျာ) အထွေထွေဆေးရုံကြီးက၊ သက်ကြီးရောဂါ အထူးကုသမားတော်ကြီး ဒေါက်တာမျိုးမင်းအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။