ခါးကိုက်ခါးနာခြင်း (အပိုင်း-၁)

  • ဝင်းမင်း

Acupuncture needles in the muscles around the spine of a patient to relieve lower back pain.

Your browser doesn’t support HTML5

ခါးကိုက်ခါးနာခြင်း (အပိုင်း-၁)

ခါးကိုက်ခါးနာတာက ဒီနေ့ခေတ် နေပုံထိုင်ပုံနဲ့ ဆက်စပ်လာတာကြောင့် ပိုအဖြစ်များလာနေပေမယ့် ကုသကာကွယ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ခါးကိုက်ခါးနာတာက ဖြစ်ရခြင်း အဓိက အကြောင်းရင်းတွေက နေပုံထိုင်ပုံ အားနည်းတာ၊ အလေးအပင်'မ'ပြုရာမှာ စနစ်မကျတာနဲ့ အသက်အရွယ်ကြီး (၃၀-၄၀ နှစ်ကျော်) ပြီး ဒဏ်ပိလာတာတွေပါ။

နေပုံထိုင်ပုံ အားနည်းတာမှာ အဓိကအားဖြင့် ထိုင်တာ အချိန်ကြာတာနဲ့ ထိုင်ပုံထိုင်နည်း လွဲနေတာကြောင့်ပါ။ ဒါကြောင့် (၁) နာရီကျော်အောင် ထိုင်အလုပ်လုပ်လုပ် (ဥပမာ အစည်းအဝေးထိုင်၊ ကွန်ပြူတာရိုက်၊ ရုံးအလုပ်လုပ်) ရသူတွေအနေနဲ့၊ အောက်ခံ အပျော့ပါပြီး၊ နောက်ကျောအမှီပါတဲ့ ထိုင်ခုံမျိုးသုံးကာ၊ ခြေထောက်ကို ကြမ်းပြင်ပေါ် ထိထားသင့်ပါတယ်။ ထိုင်ရာမှာ ကြမ်းပြင်ပေါ် ခြေထောက်ချမထားလျှင် ကိုယ်အလေးချိန်ကြောင့် ခါးကို ဒဏ်ပိမိစေနိုင်ပါတယ်။ ဒါ့အပြင် ခါးနာတတ်သူတွေအနေနဲ့လည်း ခါးကျောရိုးနဲ့ ထိုင်ခုံကျောမှီကြားမှာ ခေါင်းးအုံးပါးပါး (သို့မဟုတ်) ခပ်ပျော့ပျော့ အရာတစ်ခု ကြားခံထားပေးသင့်ပါတယ်။ ကားနဲ့သွားရာမှာလည်း ကားထိုင်ခုံ ကျောမှီကို ခပ်မတ်မတ်ထားပြီး၊ ကျောရိုးပုံစံအတိုင်း ကျောနဲ့ကပ်ကာ ထောင်နေတဲ့ အနေအထားနဲ့ ထိုင်သင့်ပြီး၊ လှဲချင်လျှင်လည်း နောက်မှီကို အပြည့် လှန်ချကာ လှဲနားနိုင်ပါတယ်။ ဒါပေမဲ့ ကားနောက်မှီကို စောင်းထားလျှင်တော့ ခါးကိုက်ခါးနာတာ ပိုဖြစ်စေနိုင်ပါတယ်။

အလေးအပင်မတဲ့နေရာမှာလည်း ခါးကုန်းပြီး မ'မ'ဘဲ၊ ဒူးကွေးထိုင်ချကာ ခါးကို ဖြောင့်ဖြောင့်ထားပြီး ခြေထောက်အား၊ လက်အားကိုသုံးကာ 'မ' ယူသင့်ပါတယ်။ ဒါ့အပြင် အလေးအပင် မပြုတာအပါအဝင် လှုပ်ရှားမူတွေ၊ အားကစားတွေ မလုပ်ခင်မှာလည်း၊ ခါးကြွက်သားတွေ တင်းနေပြီး၊ ဒဏ်မဖြစ်လာရအောင်၊ ခါး အကြောလျော့ လေ့ကျင့်ခန်း (ဥပမာ- ကွေး၊ ဆန့်၊ ကုံး) ပုံမှန် ကြိုလုပ်ပေးသင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အရိုးနဲ့ အရေးပေါ်အထူးကု၊ ပါမောက္ခ ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။