ကိုဗစ်ပြန်အဖြစ်များလာချိန် ဆေးတွေနဲ့ ထူးခြားမှု

  • ဝင်းမင်း

A member of the medical staff draws serum from an AstraZeneca vaccine container at a vaccination center in Bucharest, Romania, Wednesday, April 7, 2021. British authorities recommended Wednesday that the AstraZeneca COVID-19 vaccine not be given to…

ကိုဗစ်-19 ရဲ့ အိုမီခရွန် မျိုးကွဲစိတ်သစ် BA-4 နဲ့ BA-5 အဖြစ်များလာချိန် သောက်ဆေးနဲ့ သက်သာလာသူတချို့မှာ၊ တခဏအတွင်း ကိုဗစ်လက္ခဏာတွေ ပြန်ဖြစ်တာ၊ အဖြစ်များလာတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။

ဒီတခေါက် ကိုဗစ်ပြန်အဖြစ်များလာချိန် ထူးခြားမှုက အမေရိကန်မှာ ပထမဦးစားပေး သောက်ဆေး Paxlovid သောက်သူတချို့မှာ ချက်ချင်းသက်သာသွားပြီး၊ ပိုးစစ်တာလည်း မတွေ့တော့ပေမဲ့၊ တစ်ပတ်လောက်အတွင်းမှာ ကိုဗစ်လက္ခဏာ (နှာစေး၊ နေမကောင်း၊ ကိုယ်လက်ကိုက် စတာ) အနည်းငယ် ပြန်ဖြစ်လာကြတာပါ။ ဆေးပြန်စစ်လိုက်ချိန်မှာလည်း ကိုဗစ်ပိုး ပြန်တွေ့ခဲ့ရပါတယ်။ အခုလိုဖြစ်တာအတွက် ဒီသောက်ဆေးကြောင့် ကိုဗစ်ဗိုင်းရပ်စ်ပိုးတွေ ပြန်များလာတာ (Viral Rebound) ဖြစ်မလားလို့ စိုးရိမ်မှုအများအပြားလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ တွေ့ရှိထားချက်တွေအရ သောက်ဆေးကြောင့် ပိုးပြန်များလာတာမဟုတ်ဘဲ၊ အခုမျိုးကွဲစိတ်သစ် BA-4 နဲ့ BA-5 ရဲ့ ထူးခြားတဲ့လက္ခဏာသာဖြစ်နိုင်ပြီး၊ စစဖြစ်ချင်း လက္ခဏာတွေလောက် မပြင်းထန် မဆိုသလောက်သာဖြစ်ကာ၊ ရက်ပိုင်းအတွင်း ချက်ချင်းဆိုသလို ပြန်ကောင်းသွားတာ၊ ပိုးလည်းစစ်လို့ မတွေ့တော့တာကို တွေ့ရှိထားပါတယ်။ ဒါကြောင့်မို့ အခုလိုပြန်ဖြစ်လာလျှင်လဲ ဒီသောက်ဆေးတွေ ပြန်သောက်ဖို့ မလိုပါဘူး။ ဒါပေမဲ့ ပိုးပြန်တွေ့ခဲ့ချိန်မှာတော့ အလုပ်မသွား၊ အပြင်ပြန်မထွက်သေးဘဲ အိမ်မှာပဲ သီးသန့်ဆက်ခွဲနေသင့်ပါတယ်။

ဒါ့အပြင် အခု သောက်ဆေး (Paxlovid နဲ့ Molnupiravir) တွေက မြန်မာနိုင်ငံမှာလည်း ထုတ်လုပ်နိုင်ပြီဖြစ်ပေမဲ့၊ ဆရာဝန်ညွှန်ကြားချက် မပါဘဲ လုံးဝ မသောက်သင့်ပါဘူး။ ဆိုးကျိုးခံရမှာနဲ့ ဆေးအာနိသင်တွေ ကျသွားနိုင်တာကြောင့်ပါ။ အမေရိကန်မှာလည်း ဒီသောက်ဆေးတွေကို ဆရာဝန်ညွန်ကြားချက်နဲ့သာ အသက် ၅၀ အထက်နဲ့ အသက် ၅၀ အောက်ဆိုလျှင်လည်း ရောဂါဖြစ်လာလျှင် အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါအခံရှိသူတွေ (ဆီးချိုပြင်းထန်သူ၊ ပန်းနာရင်ကြပ်ဆိုးဝါးနေသူ၊ ကျောက်ကပ်ပျက်သူ၊ ကင်ဆာဆေး Chemo ယူနေရသူ၊ HIV ဖြစ်နေသူ) တွေကိုသာ ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီဆေးတွေ သောက်ရမယ့်လူတွေမှာ သွေးတွင်း အောက်ဆီဂျင် ပမာဏက ၉၂% အထက် ရှိနေဖို့လိုပြီး၊ ဒီပမာဏအောက် ရောက်နေသူတွေကိုတော့ ဒီသောက်ဆေးတွေ ပေးလို့မရပါဘူး။

တချိန်ထဲမှာ ဒီတစ်ခေါက် မျိုးကွဲစိတ်သစ်တွေကြောင့် ကိုဗစ်ဖြစ်တာမှာ သက်သာလာပြီးချိန်၊၊ ကြာရှည်ဆက်ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ သိပ်ဆိုးဝါးတာ မတွေ့ရသေးပါဘူး။ ချောင်းဆိုးတာတော့ အတော်များများ ဆက်ကျန်နေခဲ့ပေမဲ့လဲ သောက်ဆေးတချို့ ဥပမာ Singular (Montelukast) နဲ့ ချောင်းဆိုးသက်သာဆေးတွေနဲ့၊ ဆက်ထိန်းပေးလိုက်လျှင် သိပ်မကြာခင် သက်သာသွားလေ့ ရှိပါတယ်။ တချို့တွေမှာ အရောင်ကျဆေး (Steroid) လိုကောင်းလိုနိုင်ပေမဲ့၊ မလိုအပ်တာများပြီး၊ ကြိုတင်မပေးသင့်သေးပါဘူး၊ အကယ်၍ပေးလျှင်လဲ ကြာရှည်မပေးသင့်ပါဘူး။ နုံးနယ်တာ ကျန်နေတဲ့အတွက် အနားယူပြီး၊ ကောင်းကောင်းစားသောက်ဖို့ ပိုလိုအပ်ပြီး၊ သီးသန့်ဆေးတော့ မလိုနိုင်ပါဘူး။ အရင်တစ်ခေါက်တွေမှာ ဆီးချိုရောဂါအခံမရှိဘဲ သွေးတွင်းသကြားဓာတ်တက်တာ (Hyperglycemia Paradox) ကလည်း ကိုဗစ်ပိုးရှိနေချိန်မှာ ဖြစ်တာဆက်တွေ့ရပေမဲ့၊ သက်သာလာချိန်မှာတော့ ဆက်ဖြစ်တာ သိပ်မတွေ့ရသေးပါဘူး။ ဆက်ပြီး သကြားဓာတ်တက်နေခဲ့သူ အနည်းငယ်မှာလည်း ဆီးချိုဆေးတွေနဲ့ ထိန်းပေးလိုက်လျှင် လတွေနဲ့ချီရေရှည်ကျန်နေတာ မရှိသေးပါဘူး။ တချိန်ထဲမှာ တချို့မှာတော့ ဆီးအသွားများပြီး ရေဓာတ်ခမ်းခြောက်တာကြောင့် ကျောက်ကပ်ထိခိုက်နိုင်ပေမဲ့၊ ရေများများသောက်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

ကိုဗစ်ဖြစ်ပြီး နောက်ဆက်တွဲ ဒီလက္ခဏာတွေအတွက် ဆရာဝန်နဲ့ ဆက်တိုင်ပင်စောင်ကြည့်သင့်ပါတယ်။ လည်ပင်းနာတာလည်း ရောဂါဖြစ်ချိန် ဖြစ်ပေမဲ့ ဆားရည်ပလုပ်ကျင်းလျှင် ရောဂါသက်သာလာချိန်မှာ လိုက်ပျောက်သွားလေ့ ရှိပါတယ်။ ကိုဗစ်ဖြစ်ပြီးနောက်ပိုင်း ကိုယ်တွင်းအင်္ဂါတွေ တစ်စိတ်တစ်ပိုင်း ရှေရှည်ထိခိုက်တာ (Permanent Damage) ကတော့ ရှားလာတာ တွေ့နေရပါတယ်။

ဒါပေမဲ့ ဒီတကြိမ်မှာ အရေးကြီးဆုံးကတော့ ကူးစက်မြန်လွန်းတဲ့ အခု BA-4 နဲ့ BA-5 ဖြစ်လာချိန်မှာ၊ ကိုဗစ်မဖြစ်ဘူးသူ မရှိသလောက်နီးပါး ရှားလာတာမို့၊ ဖြစ်လာခဲ့လျှင် ပြင်းပြင်းထန်ထန် မဖြစ်အောင်နဲ့ အသက်အန္တရာယ် မထိခိုက်နိုင်အောင် ကိုဗစ်ကာကွယ်ဆေးကိုတော့ ရနိုင်တဲ့အမျိုးအစားကို အားဖြည့်အဆင့်ထိထိုးထားဖို့ လိုပါမယ်။ တရုတ်ကာကွယ်ဆေး (Sinovac ၊ Sinopharm စတာ)၊ အိန္ဒိယကာကွယ်ဆေး (Covishield/ AstraZeneca) တွေကို ပထမတစ်သုတ် ၂ လုံးနဲ့ နောက် ၃ လကနေ ၆ လအတွင်း အားဖြည့်ကာကွယ်ဆေး တစ်လုံးထိုးကာ၊ အသက် ၅၀ ကျော်လျှင်တော့ နောက်ထပ် ၃ - ၆ လ အကြာမှာ ဒုတိယအားဖြည့်ကာကွယ်ဆေး (စုစုပေါင်းစတုတ္ထမြောက်) တစ်လုံး ထပ်ထိုးထားသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ ကိုဗစ်လူနာတွေကို ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

==== Unicode ====






