ကိုဗစ်လှိုင်းအတွင်း ကာကွယ်ဆေးနဲ့ ကုသမှု

  • ဝင်းမင်း

မြန်မာနိုင်ငံထဲ ကိုဗစ်-19 လှိုင်းအသွင်ဖြစ်နေစဉ် ကာကွယ်ဆေးထိုးတာနဲ့ အန္တရာယ်ကြီးနိုင်သူတွေ ကိုဗစ်သောက်ဆေးသောက်ကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေပါတယ်။

လက်ရှိ အိုမီခရွန်မျိုးကွဲစိတ်သစ် BA.4 နဲ့ BA.5 လှိုင်းသစ်ဖြစ်နေစဉ်အတွင်း ဖြစ်နိုင်လျှင် ဒီမျိုးကွဲစိတ်သစ်တွေအတွက် ပစ်မှတ်ထားပြီး အရင်ကာကွယ်ဆေးနဲ့ ပေါင်းစပ်ထုတ်ထားတဲ့ (Bivalent Vaccine) ကာကွယ်ဆေးသစ်ကို ထိုးသင့်ပါတယ်။ ဒါပေမဲ့ အမေရိကန်မှာပဲ လက်ရှိ အဓိကရထားသေးတဲ့ Pfizer နဲ့ Moderna ကုမ္ပဏီထုတ် ဒီကာကွယ်ဆေးသစ်ကို မရနိုင်လျှင်တော့၊ ရနိုင်တဲ့ကာကွယ်ဆေးကိုပဲ အမြန်ဆုံး ထိုးထားသင့်ပါတယ်။ အရင်ထိုးထားပြီးသား ကိုဗစ်ကာကွယ်ဆေးနဲ့ အမျိုးအစားမတူတာကိုလည်း အားဖြည့်ကာကွယ်ဆေးအဖြစ် အရင်နောက်ဆုံးထိုးအပြီး ၃လ၊ ၄လ အကြာမှာ ထိုးသင့်ပါတယ်။ ကျန်းမာရေးဌာနတွေအပြင် ပုဂ္ဂလိကဘက်က ထိုးပေးနေတာတွေလည်း ရှိနေပါပြီ။

ကုသမှုအတွက်တော့ အသက်ကြီးသူနဲ့ ရောဂါအခံ (ဥပမာ၊ ဆီးချို သွေးတိုး ကင်ဆာစတာ) ရှိသူတွေမှာ ဆရာဝန်ပြပြီး နောက်ဆုံးပေါ် ကိုဗစ်သောက်ဆေး (Antiviral Pill) တွေကို ကိုဗစ်စဖြစ်ဖြစ်ချင်းမှာ သောက်သင့်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာလည်း AA Pharmacy (AA ဆေးကုမ္ပဏီ) က အခုနောက်ဆုံး ထုတ်နိုင်ပြီဖြစ်တဲ့ Paxlovid ကို ဆရာဝန် ညွှန်ကြားချက်နဲ့ သောက်သင့်ပါတယ်။ Paxlovid က အခု အိုမီခရွန်မျိုးကွဲသစ်တွေအတွက်ပါ ထိရောက်မှုကောင်းနေလို့ပါ။ အလားတူ မြန်မာနိုင်ငံမှာ အရင်အိုမီခရွန်မျိုးကွဲအစ (BA.1) စတွေ့စဉ် ဒီနှစ်ဆန်းမှာ နိုင်ငံထဲ စထုတ်ခဲ့တဲ့ Molnupiravir ကလည်း အာနိသင် ကောင်းနေဆဲမို့ ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ ဆက်သောက်နိုင်ပါတယ်။ ဒီသောက်ဆေးတွေက အောက်ဆီဂျင်မကျသူတွေမှာပဲ သောက်လို့ရပါတယ်။

အောက်ဆီဂျင်ကျလာပြီး၊ လိုအပ်လာလျှင်တော့ ဆေးရုံဆေးခန်းတွေမှာ ကိုဗစ်ထိုးဆေး Remdesivir ကို သုံးလေ့ရှိပါတယ်။ ဒါပေမဲ့ အခုလို လိုအပ်တဲ့အဆင့် မရောက်သေးသူတွေမှာ ဒီထိုးဆေးကို မသုံးသင့်ပါဘူး။ အကြောင်းက ဒီထိုးဆေးက မရင်မျိုးကွဲဟောင်း Delta ပေါ်ခဲ့ချိန် မနှစ်ထဲက အများသုံးလာကြပြီး တစ်နှစ်ကျော်ကြာလာချိန် မျိုးကွဲသစ်တွေပေါ်လာကာ တစုံတရာ အာနိသင်နည်းလာချိန်မှာ၊ အခြား အာနိသင်ပြင်းတဲ့ သက်ဆိုင်ရာ လိုအပ်တဲ့ဆေးတွေ (ဥပမာ Steroid မျိုး) နဲ့ တွဲသုံးရတဲ့အဆင့် ရောက်လာနေလို့ပါ။ တချိန်ထဲမှာ ဒီထိုးဆေးက သောက်ဆေးထက် ဈေးအများကြီး ကြီးနေတာမို့ မလိုအပ်ဘဲ သုံးစရာမလိုပါဘူး။

အကယ်၍ ငယ်ရွယ်ပြီး ရောဂါအခံမရှိ ကိုယ်ခံအားကောင်းနေသူတွေမှာ ကိုဗစ်ပိုး တွေ့လာလျှင်တော့၊ ကိုဗစ်ကုသရာမှာ သုံးတဲ့ဆေးတွေ မလိုအပ်ပါဘူး။ အိမ်မှာနားပြီး အိမ်သားတွေကို မကူးအောင်သာ Mask ပါးစပ်နဲ့နှာခေါင်းစည်းတပ်၊ သီးသန့်ခွဲနေထိုင် စားသောက်ခြင်းဖြင့် ရက်အနည်းငယ်အတွင်း ပြန်သက်သာလာလေ့ ရှိပါတယ်။ ကိုဗစ်လက္ခဏာ (နှာစေး၊ ချောင်းဆိုး၊ ဖျားနာ၊ ခေါင်းကိုက်၊ လည်ချောင်းနာ၊ ခါးကိုက် စတာ) တွေဖြစ်လာလျှင်လည်း သက်ဆိုင်ရာလက္ခဏာ သက်သာဆေးတွေ (Symptomatic drugs) သောက်နိုင်ပါတယ်။ ပြန်ကောင်းလာသူတွေမှာလည်း ကိုဗစ်ပိုးတွေ့ပြီး ၅ ရက်ကြာချိန် ကိုဗစ် ပိုးစစ်တာမတွေ့ဘဲ၊ ကိုဗစ်လက္ခဏာ (နှာစေး ချောင်းဆိုး စတာ) တွေ မရှိတော့မှသာ အလုပ်ပြန်ဆင်း အပြင်ပြန်ထွက်တာတွေ လုပ်သင့်ပါတယ်။ အခုလို အပြင်ပြန်ထွက်ချိန်မှာလည်း တခြားသူတွေကို မကူးတာ သေချာစေဖို့တော့၊ ၁၀ ရက်အထိ Mask ပါးစပ်နဲ့ နှာခေါင်းစည်း ဆက်တပ်ထားသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက မြန်မာနိုင်ငံမှာ ကျန်းမာရေးပညာပေးမူတွေလုပ်ပေးနေတဲ့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာရွှေဝါအောင် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

===Unicode ====





