ကျန်းမာအောင် စားသောက်သင့်ပုံ

  • ဝင်းမင်း

Consumer Prices

ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အသင့်စားသောက်ကုန်တွေအစား မြန်မာနိုင်ငံမှာ အလွယ်တကူရတဲ့ လတ်လတ်ဆတ်ဆတ် အစာတွေကို ပြင်ဆင်စားသောက်သင့်တယ်လို့ အာဟာရပညာရှင်တွေက ဆိုပါတယ်။

ရောဂါတွေဖြစ်စေတဲ့ အသင့်လုပ် အသားလုံး အသားချောင်းတွေအပြင်၊ မြန်မာ့ရိုးရာ အသင့်စားသောက်စရာတွေကို အတတ်နိုင်ဆုံးရှောင်ကျဉ်ပြီး၊ ဈေးထဲ ဝယ်ရလွယ်တဲ့ အသားတွေ၊ ငါးတွေ ပုဇွန်တွေ ဝယ်ပြီး ချက်ပြုတ်စားခြင်းဖြင့် အန္တရာယ်ကင်းပြီး အာဟာရပိုရနိုင်ပါတယ်။ ဒီအသားငါးတွေကို အသားလုံး၊ ငါးလုံးလေးတွေကိုယ်တိုင် လုံးပြီးလည်း ခောတ်မီ ဟော့ပေါ့ (Hot Pot) ဟင်းချို၊ ကြေးအိုး စတာတွေမှာ ထည့်စားနိုင်ပါတယ်။ ဒီ လတ်ဆတ်တဲ့ အသား ငါးတွေကို ချက်ပြီး ပေါင်မုန့်တွေကြားမှာပါ ညှပ်စားနိုင်ပါတယ်။ ကော်ဖီထုတ် (Coffee Mix)၊ လ္ဘက်ရည်ထုတ် (Tea Mix) တွေ အစားလည်း လ္ဘက်ခြောက်ရေနွေးချမ်းနဲ့ ပုံမှန်ရေ သောက်တာက ပိုကောင်းပါတယ်။ အခုလို စားသုံးတာကြောင့် ကျန်းမာရေး နောက်ဆက်တွဲ ပြဿနာတွေ မကြုံရဘဲ ကျန်းမာရေးအကျိုး လက်တွေ့ရနေသူတွေကိုလည်း လေ့လာတွေ့ရှိထားပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နယ်ကလူတွေအနေနဲ့လည်း အခုခေတ်မှာ အသင့်စားစရာတချို့ကို သတိမပြုမိဘဲ လွဲမှားစားသုံးမိနေကြပါတယ်။ ဥပမာ အသင့်လုပ် လဘက်ထုတ်တွေကို ထမင်းနဲ့ ရောစားနေကြတာပါ။ မြန်မာမှာ ထူးထူးခြားခြားစားတဲ့ လဘက်က အချဉ်ဖောက်ထားပေမဲ့ အများစု အရင်လို လတ်လတ်ဆတ်ဆတ်စားလျှင် ကျန်းမာရေးအတွက်ကောင်းတဲ့ဓာတ်တချို့ ရနိုင်ပါတယ်။ ဒါပေမဲ့ အခု ဈေးပေါတဲ့ အသင့်ထုတ်ထားတာတွေ တချို့မှာတော့ ဓာတုပစ္စည်းနဲ့ ဖန်တီးထားတဲ့ ချဉ်ငံစပ် အရသာတွေကို ထည့်ထားတာတွေ့ရပြီး ရေရှည်အန္တရာယ်ရှိနိုင်ပါတယ်။ လတ်တလောမှာလည်း ဒီ အသင့်လုပ် လဘက်ထုပ်တွေကို နယ်မှာရလွယ်တဲ့ လတ်ဆတ်တာတွေ (ဥပမာ ငါးကင်) နဲ့ တွဲစားလျှင်လည်း၊ လတ်ဆတ်တာတွေကရတဲ့ အာဟာရတွေကို အူကစုပ်ယူနိုင်မူ ပိတ်ပင်ခံလိုက်ရပြီး၊ တချို့မှာ သံဓာတ်ဆုံးရှုံးတာ၊ သွေးအားနည်းလာတာတွေ တွေ့ရှိထားပါတယ်။

အလားတူ မြန်မာနိုင်ငံက နယ်ရော မြို့မှာပါ အစားများနေတဲ့ ငပိအတွက်လည်း ဓာတုဓါတ် အရသာထည့် ဈေးပေါတဲ့ အသင့်ထုတ်ထားတာတွေ လူအများ စားသုံးမိနေကြပါတယ်။ ဒါတွေအစား အလွယ်တကူရနိုင်တဲ့ နယ်က ငါးကင်လိုမျိုးလို နိုင်ငံထဲ စိုက်ပျိုးထုတ်လုပ်နေတဲ့ ပဲအမျိုးစုံကို တစ်နေ့တမျိုး မညည်းအောင် အလွယ်တကူ ချက်ပြုတ် စားသုံးသင့်ပါတယ်။ အခုလို စားလျှင် အသားဓာတ်အပြင် တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ရရှိနိုင်ပြီး ကျန်းမာရေး ညီညွတ်စေပါတယ်။ ဒါပေမဲ့ အခုလိုမစားဘဲ အသင့်စာတွေ စားသုံးပုံ လွဲမှားလာနေတာကြောင့် ခေတ်ပေါ် ရောဂါမျိုးစုံ မြန်မာကိုလည်း အခု ပိုရောက်လာနေကာ လူတချို့ စပြီးခံစားနေရတာကို တွေ့ရှိထားပါတယ်။ ပိုမိုဆေးစစ်နိုင်လျှင်တော့ အများကြီး ရောဂါတွေ ပိုတွေ့နိုင်ခြေ ရှိနေပါတယ်။

ဒါကြောင့်မို့ အသင့်စားစရာတွေနဲ့ အလွန်အကျင့်ပါနေသူတွေ ဖြစ်နေလျှင်လည်း အခုလို လက်တကမ်းမှာ ရနိုင်တဲ့ လတ်ဆတ်တာတွေ ပြောင်းစားတဲ့ အလေ့အကျင့် ပြန်လုပ်လျှင် တဖြည်းဖြည်း ရှောင်နိုင်တဲ့အကျင့် ပြနိုင်ပါတယ်။ အကြောင်းက အားလုံး မွေးဖွားလာချိန်မှာ အခုလို အသင့်စားကုန်တွေနဲ့ တန်းပြီး အကျင့်ရလာခဲ့တာ မဟုတ်ဘဲ၊ တချိန်မှာ စားကြည့်ရင်း စွဲလာတဲ့သဘော ဖြစ်လာရတာကြောင့်ပါ။ အကယ်၍ အသင့်စားကုန်တွေကို အလွန်စားချင်လာလျှင်လည်း တခါတရံ (ဥပမာ ၃ လ မှ ၆ လတကြိမ်) စားသုံးခြင်းဖြင့် ရောဂါတွေဖြစ်ဖို့ အများကြီး လျှော့ချနိုင်တာကို လေ့လာတွေ့ရှိထားပါတယ်။ တကယ်တော့ လျှပ်စစ်မီးအား မမှန်တဲ့ မြန်မာနိုင်ငံမှာ အသင့်စားသောက်စရာတွေကို ရေခဲသေတ္တာနဲ့ ရှေရှည်ခံအောင်ထားနိုင်ဖို့ကလည်း ခက်ခဲတာမို့ အတတ်နိုင်ဆုံး ရှောင်ကျဉ်တာ အကောင်းဆုံး ဖြစ်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်၊ Cornell တက္ကသိုလ်က နိုင်ငံတကာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချို ကို ဆက်သွယ်မေးမြန်းထားပါတယ်။

==Unicode==





