တီဘီ တိုက်ဖျက်ရေး ကမ္ဘာနဲ့မြန်မာ ကြိုးပမ်းမှု

  • ဝင်းမင်း
ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ ပိုစတာနဲ့ တီဘီရောဂါသည် (REUTERS/Rupak De Chowdhuri)

ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ ပိုစတာနဲ့ တီဘီရောဂါသည် (REUTERS/Rupak De Chowdhuri)

တီဘီရောဂါ အဆုံးသတ်နိုင်ရေး ကမ္ဘာမှာ ကြိုးပမ်းနေရာမှာ တီဘီဖြစ်ဖို့ အန္တရာယ်ရှိသူတွေကို ကာကွယ်ရေး ကုထုံးပေးဖို့လည်း ပါတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးထောက်ပြကြပါတယ်။

၂၀၃၀ ခုနှစ်မှာ တီဘီ အဆုံးသတ်နိုင်ရေး၊ ငုပ်လျှိုးတီဘီအပါအဝင် ဒီအန္တရာယ်ရှိသူ ၉၀% အထိ ၂၀၂၇ ခုနှစ်မှာ တီဘီကာကွယ်ရေး ကုထုံးပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။ အရင်ပုံမှန်အားဖြင့် တီဘီရောဂါလက္ခဏာ သံသယရှိသူ (ဥပမာ ချောင်းဆိုး၊ သလိပ်ထွက်၊ ဖျားနာ၊ ညပိုင်း အဖျားတက်သူ) မျိုးကိုသာ ပစ်မှတ်ထား စစ်ဆေးကုသတာထက် ကျော်လွန်ပြီး အခုလို ငုပ်လျိုးတီဘီနဲ့ တီဘီအန္တရာယ် ရှိသူတွေကိုပါ ပစ်မှတ်ထားလာတာပါ။ ငုပ်လျိုးနဲ တီဘီအန္တရာယ် ရှိသူတွေထဲ တီဘီဖြစ်သူနဲ့ နီးစပ်သူတွေအပြင်၊ ကိုယ်ခံအားကျနိုင်သူတွေဖြစ်တဲ့ HIV-AIDS ရောဂါရှိသူ၊ ဆေးလိပ် အရက်စွဲနေသူ၊ အာဟာရချို.တဲ့သူ၊ မကူးစက်နာတာရှည်ဖြစ်တဲ့ ဆီးချိုရောဂါရှိသူ၊ ရွှေ.ပြောင်းနေထိုင်ရသူနဲ့ စိတ်ကျန်းမာရေး မကောင်းသူတွေအထိ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ကိုဗစ်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း တီဘီ တိုက်ဖျက်ရေးလုပ်ငန်းတွေ ခက်ခဲသွားပေမဲ့၊ ဒီမတိုင်ခင် အောင်မြင်မှုတချို. ရခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာ မြန်မာက တီဘီဖြစ်ပွားမူ ၂၀ % လျှော့ချနိုင်ဖို့ ရည်မှန်းခဲ့တာကို လက်တွေ့အောင်မြင်ခဲ့ပါတယ်။ အခုလို အောင်မြင်ခဲ့တာက NGO နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေပါ တီဘီတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အုပ်ချုပ်သူတွေ၊ ကျန်းမာရေးလုပ်သားတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြလို့ပါ။ လတ်တလောကာလ မြန်မာမှာ တီဘီလူနာစာရင်း ကောက်နိုင်ဖို့ကို အခက်အခဲ ရှိနေပြီး၊ တီဘီ ဖြစ်နှုန်းမှာလည်း တီဘီ ကူးစက်မှုများတဲ့ နိုင်ငံများအတွက် သတ်မှတ်ပမာဏထက်ကို များနေပေမဲ့၊ အရင်လို ပူးပေါင်းဆောင်ရွက်မှု ပြန်ရနိုင်လျှင်တော့ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်နိုင်ပါတယ်။

ကမ္ဘာမှာလည်း ၂၀၃၀ ခုနှစ်မှာ တီဘီ အဆုံးသတ်နိုင်နိုင်ဖို့ ဆက်ကြိုးပမ်းနေတာမှာ မနှစ်က အိန္ဒိမှာ ဆွေးနွေးပွဲဖိုရမ်ကြီး လုပ်ခဲ့ပါတယ်။ ပြီးခဲ့နှစ် မေလမှာ အိန္ဒိယနိုင်ငံ Goa မြို.မှာလုပ်တဲ့ ဒီဆွေးနွေးပွဲမှာ မြန်မာအပါအဝင် (၃၄) နိုင်ငံက ထိပ်တန်း တီဘီတိုက်ဖျက်ရေးအရာရှိနဲ့ ကျွမ်းကျင်ပညာရှင်တွေအပြင်၊ ပျောက်ကင်းလာတဲ့ တီဘီလူနာအဖွဲ့ ကိုယ်စားလှယ်တွေ၊ အလှုရှင်တွေ၊ ဆေးကုမ္ပဏီတွေ၊ နည်းပညာကုမ္ပဏီတွေနဲ့ သတင်းမီဒီယာတွေပါ တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲထဲ ထူးခြားခဲ့တာကတော့ မြန်မာအပါ တီဘီအဖြစ်များ နိုင်ငံတွေမှာ စိန်ခေါ်ချက်ကြီးတွေ ဆက်ရှိနေပေမဲ့ ဒီမျှော်မှန်းချက်တွေ ရောက်နိုင်ရေး တိုးတက်မှုတချို့ရထားပြီးတာမို့၊ ပြည်သူဗဟိုပြု၊ လူ့အခွင့်အရေးအခြေခံ တီဘီ ရှာဖွေကုသကာကွယ်ပေးမူတွေကို စုစည်း အရှိန်မြှင့် လုပ်ဆောင်ကြိုးပမ်းသွားဖို့ ခိုင်ခိုင်မာမာ သက်ဝင်ယုံကြည်ထားကြတာပါ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့် ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေး ဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို မေးထားပါတယ်။