မျက်လုံးဓာတ်မတည့် ယားယံခြင်း (အပိုင်း - ၁)

  • ဝင်းမင်း

This digitally colorized microscope image provided by the National Institute of Allergy and Infectious Diseases (NIAID) shows Staphylococcus aureus bacteria in yellow.

Your browser doesn’t support HTML5

မျက်လုံးဓာတ်မတည့် ယားယံခြင်း (အပိုင်း - ၁)

မျက်လုံး အလာဂျီ (Eye Allergy) လို့ ခေါ်တဲ့ မျက်လုံးဓာတ်မတည့်မူက မြန်မာနိုင်ငံမှာ အတော်အသင့် အဖြစ်များတယ်လို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ်ပြောဆိုပါတယ်။

မျက်လုံးဓာတ်မတည့် ယားယံမှု အဓိက ဖြစ်ရခြင်းက မျက်လုံးအရေပြား ပါးလွှာလွန်းမူကြောင့် တစ်ခုခုနဲ့ ဓာတ်မတည့်တာ ဖြစ်လွယ်တာအပြင်၊ မျက်လုံးလိမ်းချယ်စရာတွေ ပိုများလာ၊ ပိုသုံးလာတာနဲ့၊ ဓာတ်မတဲ့စေတာတွေကလည်း ပိုများလာတာကြောင့် ဖြစ်ပါတယ်။ အခုလို ဓာတ်မတည့်တာ တစ်ခုခု မျက်လုံးထဲဝင်လာလျှင်၊ မျက်လုံး သွေးကြောကျယ်ပြီး၊ ရောင်ရမ်းစေတဲ့ Histamine ဓာတ်နဲ့ အလားတူဓာတ်တွေကို ထုတ်လွှတ်လိုက်တာကြောင့်၊ မျက်လုံးနီရဲပြီး ယားယံတာတွေ ဖြစ်လာရတာပါ။ မျက်လုံးတွင်းနေရာအပြင်၊ မျက်လုံးအပေါ် မျက်ခွံ၊ အောက်မျက်ခွံနဲ့ မျက်လုံးနားတဝိုက် အရေပြားမှပါ ရောင်ရမ်းနီရဲလာနိုင်ပါတယ်။

အခုလို မျက်လုံးဓာတ်မတဲ့ ယားယံတာ ဖြစ်စေတာတွေကတော့ မျက်လုံးအလှကုန်မျိုးစုံ (ကာချယ်ဆွဲတာ၊ မျက်တောင်ကော့ဆေး၊ မျက်ခုံးမွှေးဆွဲတံ၊ မျက်လုံးမိတ်ကပ် စသည်) နဲ့ ပြင်ပက ဖုန်မှုန့်၊ အမှုန့်၊ ပန်းဝတ်မူန်၊ အိမ်တွင်းမှို၊ အိမ်မွေးတရိစ္ဆာန် အမှုန်၊ အမွှေးနဲ့ သားရေ စသည်ဖြင့် မျိုးစုံရှိပါတယ်။

မျက်လုံးဓာတ်မတည့် ယားယံတာကြောင့် ဖြစ်လာတဲ့ လက္ခဏာတွေက မျက်လုံးနဲ့ မျက်လုံးတဝိုက် ရောင်ရမ်းပြီး၊ မျက်လုံး အဖြူသားနေရာမှာ နီရဲလာတာ၊ ယားယံလာတာ၊ မျက်လုံး မို့အစ်လာတာ၊ မျက်ရည်ကျတာ၊ မျက်ခွံထူလာတာ၊ ကြည့်လို့မကောင်းတာ (ဝါးတားတားဖြစ်တာ၊ စူးတာ၊ စပ်တာ)၊ အလင်းရောင်ကြည့်လျှင် စူးတာနဲ့ မကြည်နိုင်တာ စသည်ဖြင့် မျိုးစုံဖြစ်နိုင်ပါတယ်။ အခုလို မျက်လုံးဓာတ်မတည့် ယားယံတာက မျက်လုံးမှာ သီးသန့်ဖြစ်နိုင်သလို၊ နှာရည်ယိုတာ၊ နှာချေတာစတဲ့ နှာခေါင်း ဓာတ်မတည့် ယားယံတာနဲ့ အရေပြားယားနာတွေနဲ့လည်း တွဲပြီး ဖြစ်တတ်ပါတယ်။

ဒီ မျက်လုံးဓာတ်မတည့် ယားယံတာ ဖြစ်လာချိန်မှာ အဓိက ရှောင်ဖို့ကတော့ မျက်လုံးကို မပွတ်မိအောင် အထူးသတိထားဖို့ပါ။ ဘာကြောင့်လဲဆိုတော့ အခုလိုဖြစ်လာချိန်မှာ အလိုလို မျက်လုံးကို ပွတ်မိသားဖြစ်တတ်တာနဲ့၊ ပွတ်လိုက်တာကြောင့် ယာယီသက်သာသလို ခံစားးရနိုင်ပေမယ့်၊ ပိုရောင်၊ ပိုယားစေတဲ့ Histamin နဲ့ အလားတူဓာတ်တွေ ပိုထွက်လာကာ ပိုဆိုးသွားစေတာကြောင့်ပါ။အဓိက ဆောင်ရန်က မိတ်ကပ်လိမ်းထားလျှင် မိတ်ကပ်တွေကို ဖျက်ပစ်သင့်ပါတယ်။ အရောင်ကျစေနိုင်တဲ့ ရေခဲပတ်နဲ့ ရေအေးအဝတ် မျက်လုံးမှာ ကပ်ပေးသင့်ပါတယ်။ မျက်ကပ်မှန် တပ်ထားလျှင်လည်း ဖြုတ်ထားသင့်ပါတယ်။ လက်ကိုလည်း မကြာမကြာ ဆေးကြောသင့်ပါတယ်။ အကြောင်းက လက်ကနေ နေရာတကာကို ထိတွေ့မိပြီး၊ ဓာတ်မတည့်တာ ပိုဖြစ်စေနိုင်တာအပြင်၊ ပိုးပါ ဝင်လာစေနိုင်လို့ပါ။ တချို့ကလည်း မျက်လုံးရောင်ရမ်းနေတာကို ကြည့်ကောင်းစေဖို့ မျက်လုံးတဝိုက် မိတ်ကပ် ထူထူ လိမ်းမိတတ်ကြပြီး ပိုဆိုးစေနိုင်တာမို့၊ အခုလို မလိမ်းမိဖို့ ရှောင်ကျဉ်သင့်ပါတယ်။ ဒါပေမဲ့ မျက်လုံးတဝိုက် အနီအညိုအကွက်တွေဖြစ်လာပြီး ကြည့်ရဆိုးလျှင်တော့၊ ဓာတ်မတည့်တာအဖြစ် နည်းစေတဲ့ ဟိုက်ပိုအလာဂျဲနစ် ကွန်ဆီလာ (Hypoallergenic concealer) အနည်းငယ် ဖုံးပြီးလိမ်းတာမျိုးတော့ ခေတ္တ လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကြည့်ကောင်းအောင် အာရုံပြောင်းပေးတဲ့အနေနဲ့၊ မျက်လုံးကို ထင်ရှားအောင် မိတ်ကပ်တွေမလိမ်းဘဲ၊ ဥပမာ နှုတ်ခမ်းနီနီဆိုးတာမျိုး တခြားနေရာတွေမှာ ပို လိမ်းချယ်တာတွေ လုပ်ပေးနိုင်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။