ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပြည်သူ့စိုးရိမ်ထိတ်လန့်မှု

စစ်မှုမထမ်းမနေရ ဥပဒေ မြန်မာစစ်အစိုးရ ပြဋ္ဌာန်း

စစ်မှုမထမ်းမနေရ ဥပဒေ မြန်မာစစ်အစိုးရ ပြဋ္ဌာန်း

စစ်မှုထမ်းဥပဒေ အခုလထဲ ထုတ်ပြန်အပြီး၊ လူငယ်တွေနဲ့ မိဘတွေအပါအဝင် မိသားစုများစွာ ရုတ်တရက် စိတ်ဒဏ်ရာ ဖိစီးမှုကြီး ကြုံလိုက်ရတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပါတယ်။

ဧပြီလ ၁၀ ရက်နေ့ထုတ် အသက် ၁၈ နှစ်ပြည့် အမျိုးသားရော၊ အမျိုးသမီးပါ အသုတ်လိုက် စစ်မှုမထမ်းမရတဲ့ ဥပဒေကြောင့် ထိတ်လန့်ကုန်တယ်လို့ အများပြောနေပါတယ်။ အာဏာသိမ်းအပြီး ၃ နှစ်ကြာ၊ စစ်ပွဲတွေ ပိုပြင်းထန်ကျယ်ပြန့်လာချိန်၊ ဥပဒေကြောင့် လူတန်းစားအလွှာတိုင်း အထူးသဖြင့် ဥပဒေသက်တမ်းအတွင်းမှာရှိတဲ့ မျိုးဆက်သစ်လူငယ်တွေနဲ့ မိဘတွေအကြား အခုလို ကြီးကြီးမားမား ဂယက်ဆိုး ရိုက်သွားတယ်လို့ ဆိုပါတယ်။ တက်လမ်းရှာနေတဲ့ ဒီလူငယ်အရွယ်တွေနဲ့ မိဘတွေ အများစု အနာဂတ်အတွက်ပါ ခြေမကိုင်မိ လက်မကိုင်မိ ကြောက်လန့်တကြား ဆောက်တည်ရာမရ (Panic) ဖြစ်ကုန်တယ်လို့လည်း စောင့်ကြည့်လေ့လာနေသူတွေက ထောက်ပြကြပါတယ်။

အခုလို စိုးရိမ်ထိတ်လန့်မူ ကြီးသွားရတာက စစ်ပွဲထဲအမှုထမ်းရပြီး ထိခိုက်ဒဏ်ရာရ သေဆုံးရမှာနဲ့ မလုပ်ချင်တာတွေ အခိုင်းခံရမှာ ကြောက်တာကြောင့်လို့ အများက ပြောကြပါတယ်။ တိုင်းတပါးက ကျုးကျော်တာကို ဝိုင်းခုခံရတဲ့ စစ်မျိုးမဟုတ်ဘဲ၊ ပြည်တွင်းမှာ ကိုယ့်ပြည်သူအချင်းချင်း ပြန်တိုက်ရမဲ့ စစ်ပွဲမျိုး ဖြစ်နေတာကြောင့် မြင်သာတဲ့ လတ်တလော အန္တရာယ်ကြီးပါလို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြပါတယ်။ ရှေ့တန်းအပို့ခံရပြီး ကျဆုံးနိုင်တာအပြင်၊ မီးရှို့ဖျက်ဆီးတာမျိုး အခိုင်းခံရမှာလည်း စိုးရိမ်တာ တွေ့ရတယ်လို့ လေ့လာစောင့်ကြည့်နေသူတွေက ဆက်ပြောပါတယ်။ တကယ်တော့ အခုလို စစ်ပွဲအခြေအနေမျိုးမှာ ဒီထိတ်လန့်မှုမျိုးက ဖြစ်လေ့ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက ရှင်းပြပါတယ်။

အခုလို ဖြစ်လေ့ရှိတဲ့ ဥပမာတွေထဲ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအပြင်၊ မြန်မာမှာလည်း အလားတူသဘောမျိုး ရှိခဲ့တယ်လို့ ထောက်ပြနေကြပါတယ်။ ရုရှားမှာ မြန်မာနဲ့ အတော်ဆင်တူတဲ့ မဝင်မနေရ စစ်မှုမထမ်း ဥပဒေရှိထားပြီး၊ အရင်တုန်းက အာဖဂန်နစ္စတန်မှာအပြင်၊ အခုလည်း ယူကရိန်းစစ်မှာပါ လူငယ်စစ်သားအများအပြား ကျဆုံးနေရကာ နီးစပ်ရာ ထွက်ပြေးနေကြပါတယ်။ ဒါ့အပြင် အမေရိကန်မှာလည်း ဗီယက်နမ်စစ်ပွဲကာလတုန်းက လူငယ်တွေ နီးစပ်ရာထွက်ပြေး၊ ထောင်ကျခံတာအပြင်၊ ရှေ့တန်းမှာပါ ကျဆုံးခဲ့ကြရပါတယ်။ မြန်မာမှာလည်း ဂျပန်ခေတ်က ချွေးတပ်ဆွဲတာထဲ သေဆုံးခဲ့ရတာက အလားတူ စိုးရိမ်ထိတ်လန့်စရာမျိုးဖြစ်ပြီး၊ အခုလည်း အများစိုးရိမ်လာကြတာပါလို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပါတယ်။

အခုလို စိုးရိမ်ထိတ်လန့်မူမျိုးဟာ ကျန်းမာရေးရှုဒေါင့်အရလည်း၊ လူမှုအသိုင်းအဝိုင်းထဲ ဖြစ်တတ်တဲ့ စိုးရိမ်ထိတ်လန့်မှု စိတ်ဒဏ်ရာကြီးလို့ သတ်မှတ်နိုင်ပါတယ်။ အကြောင်းက အသက်အန္တရာယ်ရှိတဲ့ အခုလို ခြိမ်းခြောက်မှု (Threat) အောက် ပိတ်မိနေတာ (Trap) မျိုး တပြိုင်ထဲ ခံစားသွားရတာကြောင့်ပါ။ ဥပမာ ရုတ်တရက် စစ်မှုထမ်းရတော့မဲ့ ခြိမ်းခြောက်မှုကျလာချိန်၊ ချက်ချင်းထွက်ပြေးဖို့ ကြိုးစားချိန်မှာ လမ်းမှာအဖမ်းခံရ၊ အပိတ်ခံရမှာမျိုးကို ကြိုစိုးရိမ်ပြီး ထိတ်လန့်မှု ပိုကြီးကုန်တဲ့ ပြင်းထန်တဲ့ စိတ်ကျန်းမာရေး ဆိုးဝါးမှုကြီးလို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ အခုလို ကြီးမားလှတဲ့ စိတ်ဖိစီးမှုဒဏ်ချက်မျိုးအတွက် ဘယ်လို ကိုင်တွယ်သင့်တာကိုတော့ ရှေ့အပတ်မှာ ဆက်ပြောမှာပါ။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်းက ဩစတျေးလျနိုင်ငံ Central Queensland ဆေးရုံက စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး ဒေါက်တာသက်ဌေး ကို ဆက်သွယ်မေးမြန်းထားပါတယ်။