မေလ ၃၁ ရက်နေ့မှာ ကျရောက်မဲ့ World No Tobacco Day (ခေါ်) ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ရဲ့ ဒီနှစ်ဆောင်ပုဒ်က လူငယ်ထုအတွက် ကာကွယ်ပေး ဆေးလိပ်ကုမ္ပဏီ အန္တရာယ်ဘေးလို့ ကျန်းမာရေးပညာရှင်တွေက အဓိပ္ပာယ်ဖွင့်ပါတယ်။
ကမ္ဘာ့ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှုကင်းစင်ရေးလို့လည်း အဓိပ္ပာယ်ထွက်တဲ့ World No Tobacco Day နေ့မှာ ဆေးလိပ်နဲ့ဆေးရွက်ကြီး သုံးစွဲမှုအန္တရာယ် လူတွေ ပိုသိကာကွယ်နိုင်အောင် လုပ်လာခဲ့ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်ကတော့ Protecting Children from Tobacco Industry Interference လို့ သတ်မှတ်ပြီး၊ ကလေးလူငယ်အရွယ်တွေကို ပစ်မှတ်ထားလာတဲ့ ဆေးလိပ်ကုမ္ပဏီတွေကို တန်ပြန်ဖို့ ရည်ရွယ်ထားပါတယ်။ လူလတ်ပိုင်းနဲ့ လူကြီးတွေအနေနဲ့ကတော့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး အန္တရာယ်ကို ပိုပိုသိလာပြီး သောက်သုံးမှုကျဆင်းလာချိန် အခုလို ဖြစ်လာတာပါ။
ဆေးလိပ်နဲ့ ဆေးရွက်ကြီးကုမ္ပဏီတွေက ၁၃ နှစ်ကနေ ၁၅ နှစ်အရွယ်ငယ်တဲ့ ကလေးလူငယ်တွေကို ပိုပစ်မှတ်ထား ကြော်ငြာလာချိန်မှာ ဒီနှစ်ဆောင်ပုဒ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်လိုက်တာပါ။ နိုင်ငံအလိုက် လူငယ်အရွယ်ကို သတ်မှတ်တဲ့ နှစ်အပိုင်းအခြားကွာနိုင်ပေမဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ အသစ်စမ်းပြီး စသောက်မိတာကနေ ဆေးလိပ်နဲ့ ဆေးလိပ်ကြီးထွက် ပစ္စည်းတွေကို စွဲမသွားရေး စ ကာကွယ်ပေးဖို့ပါ။ ဒီအရွယ်လေးတွေကို ဆွဲဆောင်ဖို့ အငွေ့အထွက်နည်းပြီး ခေတ်မီလှပတဲ့ e-Cigarette တွေကို လူငယ်ထုအကြိုက် ကြော်ငြာလာနေပါတယ်။
အခုလို ကာကွယ်ပေးဖို့ WHO အဖွဲ့ကြီးရဲ့ ကမ္ဘာ့ဆေးလိပ်နဲ့ ဆေးရွက်ကြီးပစ္စည်း သုံးစွဲမှုထိန်းချုပ်ရေးစာချုပ် (Framework Convention for Tobacco Control - FCTC) မှာ လမ်းညွှန်ချက် (Guidelines) တွေ ချပေးထားပါတယ်။ MPOWER လို့ အတိုခေါက် မှတ်ယူလို့ရတဲ့ ဒီလမ်းညွှန်ချက်တွေထဲ M က Monitor ဖြစ်ပြီး ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထိန်းချုပ်မှု မူဝါဒနဲ့ ဥပဒေတွေကို စောင့်ကြည့်ပြုပြင်ပေးရမှာပါ။ နောက် P ကတော့ Protection ဖြစ်ပြီး ဆေးလိပ်ငွေ့အန္တရာယ်ကနေ လူတွေကို ကာကွယ်ပေးဖို့ပါ။ နောက် O ကတော့ Offer အဖြစ် ဆေးလိပ်ဖြတ်သူတွေကို ကူညီပေးတဲ့နည်းတွေ လုပ်ဖို့ပါ။
နောက်ကျန်တဲ့ W ကတော့ Warning ဖြစ်ပြီး ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့်ဖြစ်တဲ့ ကင်ဆာ (ပါးစပ်၊ အဆုပ်ကင်ဆာစတာ) လို အန္တရာယ်တွေကို ပုံတွေနဲ့အတူ ဆေးလိပ်နဲ့ ဆေးရွက်ကြီးဗူးတွေမှာ သတိပေးပြသဖို့ပါ။ နောက် E ကတော့ Enforcement ဖြစ်ပြီး ဒီနှစ်ဆောင်ပုဒ်နဲ့ ပိုသက်ဆိုင်တဲ့ ဆေးလိပ်ကုမ္ပဏီတွေရဲ့ ကြော်ငြာအပြင် ရံပုံငွေထောက်ပံ့ (Sponsor) ပေးပြီး ပွဲတွေလုပ်၊ လူမှုရေး ပညာရေး ကျန်းမာရေးကဏ္ဍမှာ ကုမ္ပဏီတံဆိပ်နဲ့ အကူအညီပေးတာမျိုးကို အရေးယူတားမြစ်ဖို့ပါ။ R ကတော့ Raise the Tax ဖြစ်ပြီး ဆေးလိပ်နဲ့ ဆေးရွက်ကြီးပစ္စည်းတွေအပေါ် အကောက်ခွန်မျိုးစုံ ပိုကောက်ကာ မသုံးနိုင်အောင် (သို့မဟုတ်) အသုံးနည်းအောင် လုပ်တာပါ။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့် ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေး ဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။