စိတ်ဖိစီးမှုရဲ့ အကြောင်းရင်းမြစ်ကိုရှာပြီး အဲ့ဒီအတွက် ရလေ့ရှိတဲ့အဖြေကို ဆက်ရှာတာအပြင်၊ အခြားသောနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်တယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုကြပါတယ်။
စိတ်ဖိစီးမှုဖြေရှင်းပုံ (Stress Management) ပထမနည်းကတော့ စိတ်ဖိစီးမှု (ဒေါသပေါက်ကွဲမှုအပါအဝင်) ဖြစ်လာလျှင် ဆက်လွှတ်မထားဘဲ၊ ရပ်လိုက်ပြီး၊ အနာသိမှ ဆေးရှိဆိုသလိုပဲ ဖြစ်ရခြင်းအကြောင်းရင်းခံ (အနာ) ကို အရင် စီစစ်ရှာဖွေဖို့ပါ။ ဖြစ်လေ့ရှိတဲ့ အကြောင်းရင်းခံတွေကတော့ အရင်ပြောခဲ့တဲ့ ကုန်ဈေးနှုန်း၊ ဝင်ငွေ၊ အလုပ်ခွင် ပြဿနာနဲ့ ရောဂါကြီးတွေအပါအဝင် လောကဒဏ် ပြဿနာကြီး (၅) ခုနဲ့ ပစ္စည်းပျက်၊ ပျောက်တာ၊ စာမေးပွဲ၊ အင်တာဗျုး ဖြေရတာလို ပြဿနာငယ်တွေပါ။ ဒီပြဿနာရင်းမြစ် (Source) ကို တွေ့ပြီးလျှင်၊ ဘယ်လို ဖြေရှင်းသင့်တာ (ဆေး) အတွက် ပြဿနာ ဖြေရှင်းနည်း (Problem-Solving Method) နဲ့ အဖြေရှာကြည့်နိုင်ပါတယ်။
အခက်အခဲပြဿနာ ဖြေရှင်းနည်းဆိုင်ရာ ပညာရှင်တွေအဆိုအရ ပြဿနာတိုင်းကို အချိန်ယူပြီး အသေအချာ ဆက်စဉ်းစားလျှင် အကောင်းဆုံးအဖြေ အမြဲရလေ့ရှိတာမို့၊ အချိန်ပေးပြီး ပြဿနာ အရင်းအမြစ်နဲ့ အဖြေကို စဉ်းစားရှာဖွေ ဖြေရှင်းယူဖို့ကသာ အရေးကြီးခြင်း ဖြစ်ပါတယ်။
စိတ်ဖိစီးမှုလျှော့ချဖို့ အခြားသောနည်းလမ်းတွေအဖြစ် ဆောင်ရန် ရှောင်ရန် အမျိုးအမျိုးရှိတာမှာ၊ ဆောင်ရန်အနေနဲ့ ဘဝနေထိုင်စားသောက်ပုံ (Lifestyle) ပြန်ချိန်ညှိယူတာလည်း ပါဝင်ပါတယ်။ ဒီမှာလည်း အရေးကြီးတာက စိတ်ဖိစီးမှု (ဒေါသပေါက်ကွဲတာအပါအဝင်) ကို ရထားတွဲတွေဆက်သွားသလို ဆက်လွှတ်မထားဘဲ သတိချပ် ခေတ္တရပ်လိုက်ပြီး၊ အဖြေရှာနေချိန်နဲ့ နောက်ပိုင်းမှာပါ ကောင်းကောင်းအိပ် (အချိန်မှန်အိပ်၊ အိပ်ရေးဝအောင် ၇ နာရီ - ၈ နာရီခန့် အိပ်ပျှော်အောင်အိပ်)၊ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသောက် (အသီးအရွက်စားတာနဲ့ ဆိုင်ကနေ အမြဲမှာမစားဘဲ ကိုယ့်အိမ်မှာပဲ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားတာ၊ ရေများများသောက်ပေး)၊ လှုပ်လှုပ်ရှားရှားနေ (လေညှင်းခံရင်း လမ်းသွက်သွက်လျှောက်၊ ရေကူး၊ အေရိုးဘစ်၊ တိုင်ချီ၊ အားကစားလုပ်) တာမျိုး နေထိုင်စားသောက်ပုံကို ထိန်းညှိပြောင်းယူလိုက်တာပါ။ စိတ်ထောင်းလျှင် ကိုယ်ကျေသလို ကိုယ်ကောင်းရင်လည်း စိတ်ပြန်ချမ်းသာသွားလေ့ ရှိတာကြောင့်ပါ။
ဒါ့အပြင် ဆောင်ရန်အနေနဲ့ စိတ်ညစ်လာလျှင် စိတ်ပျော်အောင်နဲ့ သဘာဝနဲ့ ထိစပ်ပြီးနေတာတွေလည်း ပါဝင်ပါတယ်။ စိတ်ညစ်တာရပ်ပြီး စိတ်ပျော်အောင် ပျော်တာ၊ ဝါသနာပါတာတွေလုပ်သင့်တာမှာ သီချင်းနားထောင်တာ၊ စာအုပ် (ဝတ္ထုအပါအဝင်) ဖတ်တာ၊ ပန်းချီဆွဲတာ၊ ဂီတတူရိယာ (ဂီတာအပါအဝင်) တီးတာ၊ ရုပ်ရှင်ကြည့်တာ (ကိုရီးယားကား ကြိုက်လို့ကြည့်တာမျိုးအပါအဝင်)၊ ဝါသနာအရ အိမ်သန့်ရှင်းရေးလုပ်တာ (မြက်ရိတ်တာအပါအဝင်)၊ အိမ်ခြံစိုက်တာ (Gardening) စတာတွေ လုပ်နိုင်ပါတယ်။ ဒီအိမ်ခြံစိုက်တာက သဘာဝနဲ့ထိစပ်ပြီးနေတဲ့သဘော ဖြစ်သွားတာမှာ၊ နောက်ထပ် သဘာဝထဲစီးဝင်ခံစားတာတွေဖြစ်တဲ့ ပင်လယ်သွားလည် လမ်းလျှောက်တာ၊ တောင်တက်တာ၊ ခရီးသွားတာ၊ ပန်းခြံထဲလျှောက်တာ (ငါးကန်ရှိလျှင် ငါးတွေကြည့်တာ)၊ ငှက်တွေကို သတိပြုပြီး အသံနားထောင်တာ/ ကြည့်တာ၊ သဘာဝနေရောင် ဖျော့ဖျော့ခံတာ၊ မိုးရွာ/နှင်းကျတာမျိုးကို ခံစားကြည့်တာ စတဲ့ ကလေးဘဝတုန်းက သဘာဝနဲ့ ပျှော်မွေ့ခဲ့တာမျိုးတွေ ပြန်လုပ်ပေးနိုင်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက သြစတျေးလျနိုင်ငံ၊ Central Queensland ဆေးရုံက စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး ဒေါက်တာသက်ဌေး ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။