လက်ဘနွန်တောင်ပိုင်း ရွာတွေက ပြည်သူတွေထွက်သွားဖို့ အစ္စရေးစစ်တပ်ပြော

အစ္စရေးစစ်တပ် တိုက်ခိုက်မှု ခံရတဲ့ လက်ဘနွန်နိုင်ငံ

လက်ဘနွန်နိုင်ငံတောင်ပိုင်းက ရွာ ၂၃ ရွာမှာ နေထိုင်တဲ့ ဒေသခံတွေ ဘေးလွတ်ရာကို သွားကြဖို့ အစ္စရေးစစ်တပ်က ဒီနေ့ ကြေညာထားပါတယ်။ ရွာအများစုက ဒေသခံတွေကတော့ အစထဲက ဘေးလွတ်ရာ ပြောင်းကုန်ကြလို့ လူမရှိသလောက် ဖြစ်ကုန်ပါပြီ။ အဲဒီ ရွာတွေအပေါ် အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ အစ္စရေးစစ်တပ် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီဒေသတွေမှာ Hezbollah တွေက လက်နက်တွေ ဖွက်နေတာ၊ အစ္စရေးအပေါ် တိုက်ခိုက်မှုတွေကို လုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ အစ္စရေးစစ်တပ် တိုက်ခိုက်မှု မခံရအောင် ဘေးလွတ်ရာ ပြောင်းကြဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။ အရပ်သားပြည်သူတွေရှိနေတဲ့ နေရာတွေမှာ လက်နက်တွေ ထားထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို Hezbollah ဘက်ကတော့ ငြင်းဆန်ပါတယ်။

အစ္စရေးစစ်စခန်းတခုကို Missile ဒုံးတွေနဲ့ ဒီနေ့ စနေနေ့မှာ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ Hezbollah အဖွဲ့က ပြောကြားခဲ့ပါတယ်။ တချိန်ထဲမှာပဲ အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံနဲ့ ဂါဇာကမ်းမြောင်ဒေသအပေါ် တိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။

ဂျူးလူမျိုးတို့ရဲ့ နှစ်စဉ်ဥပုသ်ပွဲကာလ ဖြစ်တာကြောင့် အစ္စရေးနိုင်ငံတဝန်းမြို့တွေမှာတော့ ဈေးဆိုင်တွေပိတ်၊ လေယာဉ်အသွားအလာတွေ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေ ရပ်နားထားတာကြောင့် ငြိမ်သက်နေပါတယ်။

Hezbollah နဲ့ Hamas စစ်သွေးကြွအဖွဲ့တွေနဲ့ စစ်တိုက်နေတဲ့ တပ်တွေကတော့ တောင်ပိုင်းနဲ့ မြောက်ပိုင်း စစ်မျက်နှာပြင်တွေမှာ ဆက်ပြီး စစ်ဆင်နေကြပါတယ်။ အစ္စရေးမှာ တတိယအကြီးဆုံးဖြစ်တဲ့ တောင်ပိုင်းက Haifa မြို့မှာရှိတဲ့ စစ်စခန်းတခုကို Missile ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Hezbollah အဖွဲ့က ပြောပါတယ်။ ဖေါက်ခွဲရေးပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ အဖွဲ့က ကြေညာချက် ထုတ်ပါတယ်။ လက်ဘနွန်ဘက်က ပစ်လိုက်တဲ့ဒုံးတွေကို ကြားဖြတ်ဖျက်စီးပစ်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်ဘက်က ဆိုပါတယ်။