အစ္စရေးတိုက်ခိုက်မှု Hezbollah ခေါင်းဆောင် ၂ ယောက်သေဆုံး

အစ္စရေး တိုက်ခိုက်မှုကြောင့် ကျဆုံးသွားတဲ့ Hezbollah အကြီးတန်းတပ်မှူး

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်အပေါ် သောကြာနေ့က အစ္စရေးတို့ လေကြောင်းတိုက်ခိုက်မှုအတွင်း Hezbollah အဖွဲ့ အကြီးတန်းတပ်မှူးကြီး နောက်တယောက် သေဆုံးသွားတယ်လို့ Hezbollah စစ်သွေးကြွအဖွဲ့က ဒီနေ့ စနေနေ့မှာ အတည်ပြုပါတယ်။ သောကြာနေ့က တိုက်ခိုက်ခံရမှုအတွင်း တပ်မှူးကြီး Ahmed Mahmud Wahbi သေဆုံးသွားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

သူဟာ ဂါဇာစစ်ပွဲစတဲ့ ၂၀၂၃ အောက်တိုဘာကနေ ၂၀၂၄ နှစ်ဆန်းပိုင်းအထိ အစ္စရေးအပေါ် တိုက်ခိုက်မှုတွေကို ဦးဆောင်သူဖြစ်တယ်လို့ Hezbollah အဖွဲ့က ပြောပါတယ်။ ဘေရွတ်မြို့တော်အပေါ် တိုက်ခိုက်မှုအတွင်း Hezbollah အဖွဲ့ရဲ့ အထူးတပ်ဖွဲ့ Radwan Force ကို ဦးဆောင်သူ Ibrahim Aqil အပါအဝင် တပ်မှူးကြီးတချို့ သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က သောကြာနေ့က ပြောကြားခဲ့ပါတယ်။ Ibrahim Aqil ဟာ ၁၉၈၃ ခုနှစ်တုန်းက ဘေရွတ်မြို့က အမေရိကန်သံရုံးအပေါ် တိုက်ခိုက်ခဲ့မှုမှာ ပါဝင်ခဲ့မှုအတွက် အမေရိကန်အစိုးရက အလိုရှိနေသူ ဖြစ်ပါတယ်။

Hezbollah တွေ ခြေကုပ်ယူထားတဲ့ ဘေရွတ်မြို့တော်အပေါ် သောကြာနေ့က အစ္စရေးတို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုမှာ Hezbollah ခေါင်းဆောင် ၂ ယောက်အပါအဝင် ၃၁ ယောက် သေဆုံးတယ်လို့ လက်ဘနွန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ လူဦးရေထူထပ်တဲ့ ရပ်ကွက်တခုက Hezbollah ခေါင်းဆောင်တွေ အစည်းအဝေး လုပ်နေကျ မြေအောက်ခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ သေဆုံးသူတွေထဲမှာ ကလေးငယ် ၃ ယောက်ပါတယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

အခုသီတင်းပတ်ထဲကစလို့ Hezbollah အဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ စက်သွယ်ရေးစက်တွေ ပေါက်ကွဲလို့ နိုင်ငံတဝန်း ၃၇ ယောက် သေဆုံးပြီး ထောင်နဲ့ချီ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အခုလို အီရန်ကျောထောက်နောက်ခံပေးထားတဲ့ Hezbollah စစ်သွေးကြွအဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တွေ သေဆုံးခဲ့တာဟာ အဖွဲ့အတွက် အထိနာစေတယ်လို့ လေ့လာသူတွေ သုံးသပ်နေပါတယ်။