သမ္မတ ရွေးကောက်ပွဲ ဝင်ဖို့ ဟီလာရီ ကလင်တန် ကြေညာ ဖွယ်ရှိ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton ဟာ ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဆုံးဖြတ်ချက်ကို တနင်္ဂနွေနေ့ကျရင် တရားဝင်ကြေညာလိမ့်မယ်လို့ အမေရိကန် သတင်းမီဒီယာတွေ က ဖော်ပြနေကြပါတယ်။ ဆုံးဖြတ်ချက် ကို ကြေညာပြီး၊ ရှေ့သီတင်းပတ် အစောပိုင်းမှာပဲ မဲဆွယ်လှုပ်ရှားရေး အစီအစဉ်တွေအတွက် Iowa ပြည်နယ်ကို သွားမယ်လို့လည်း နီးစပ်သူ အသိုင်းအဝိုင်းကို ကိုးကားပြီး အမေရိကန် မီဒီယာတွေမှာ ဒီကနေ့ပဲ ဖော်ပြနေကြတာပါ။

ဝန်ကြီးဟောင်း ကလင်တန်ဟာ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း အဖြစ် ရေပမ်းစားနေသူ တဦးအဖြစ် အရွေးခံရလိမ့်မယ်လို့လည်း ယူဆထားကြပါတယ်။ မကြာသေးခင်က Gallup လူထုစစ်တမ်း တခုမှာတော့ သဘောထားပေးခဲ့ကြသူတွေရဲ့ ၅၀ ရာခိုင်နှုန်းက ဝန်ကြီးဟောင်းကို သဘောကျခဲ့ကြပြီး၊ ၃၉ ရာခိုင်နှုန်းကတော့ မကြိုက်ဘူးလို့ သဘောထားပေး ခဲ့ကြတာပါ။ ဒါဟာဆိုရင်တော့ သမ္မတလောင်း ဖြစ်လာနိုင်ချေ ရှိသူတွေထဲမှာ လူကြိုက်အများဆုံး အရေအတွက်လည်း ဖြစ်ပါတယ်။

သမ္မတကတော်ဟောင်း တဦးလည်းဖြစ်တဲ့ ကလင်တန်ဟာ ၂၀၀၈ ခုနှစ်မှာ သမ္မတလောင်း တဦးအဖြစ် ယှဉ်ပြိုင်ခဲ့ဘူးပေမဲ့၊ အဲဒီအချိန်တုန်းက သမ္မတလောင်း Barack Obama ကို အရေးနိမ့်ခဲ့တာပါ။ သမ္မတအဖြစ် ယှဉ်ပြိုင်အနိုင်ရခဲ့မယ် ဆိုရင်တော့ အမေရိကန်မှာ ပထမဆုံး အမျိုးသမီး သမ္မတတဦးလည်း ဖြစ်လာမှာပါ။