အမေရိကန်မှာ ဒီမိုကရက်တစ်ပါတီအတွက် သမ္မတလောင်းဖြစ်ဖို့ သေချာသလောက်ဖြစ်နေတဲ့ Hillary Clinton နိုင်ငံခြားရေး တာဝန်ယူထားစဉ် အလုပ်အီးမေးလ်တွေကို သူ့ရဲ့ပုဂ္ဂိုလ်ရေးသုံးတဲ့ Email server နဲ့ အသုံးပြုခဲ့တာနဲ့ ပတ်သက်လို့ ရာဇဝတ်မှုနဲ့ တရားစွဲစရာ မလိုဘူးလို့ ပြည်ထောင်စု စုံစမ်းရေးဗျူရို FBI က ပြောကြားလိုက်ပါတယ်။ ရာဇဝတ်မှုနဲ့ တရားစွဲရလောက်အောင် အချက်အလက်တွေ မတေ့ွခဲ့ရဘူးလို့ FBI ညွှန်ကြားရေးမှူး James Comey က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ နိုင်ငံခြားရေးတာဝန်ယူခဲ့တဲ့ Hillary Clinton ဟာ နယူးယောက်မြို့က သူမရဲ့ နေအိမ်မှာ တပ်ထားတဲ့ ကိုယ်ရေးသုံး Email server ကိုအသုံးပြုပြီး ထိပ်တန်းလျှို့ဝှက် email တွေကို အပြန်အလှန် ပို့ခဲ့တဲ့အတွက် Mrs. Clinton ရော နိုင်ငံခြားရေးဌာနက သူ့ရဲ့လက်အောက်က တာဝန်ရှိသူတွေပါ အင်မတန်မှကို သတိလက်လွတ် ဖြစ်လွန်းတယ်လို့လည်း FBI ညွှန်ကြားရေးမှူးက အပြစ်တင်ခဲ့ပါတယ်။
သီတင်းပတ်ပေါင်းများစွာကြာတဲ့ စုံစမ်စစ်ဆေးမှုတွေအတွင်း Mrs. Clinton ရဲ့ Email ပေါင်း ထောင်နဲ့ချီကို အသေးစိတ် စစ်ဆေးခဲ့ပြီးတဲ့နောက် နိုင်ငံခြားရေးဝန်ကြီးဟောင်းဟာ အမေရိကန် ဥပဒေတွေကို ချိုးဖောက်လိုစိတ်နဲ့ လုပ်ခဲ့တာ မဟုတ်ဘူးဆိုတာ တွေ့ရှိခဲ့တဲ့အတွက် ဥပဒေကြောင်းအရ တရားစွဲစရာ မလိုဘူးလို့ Mr. Comey က အကြံပြုခဲ့တာဖြစ်ပါတယ်။
FBI အကြီးအကဲရဲ့အကြံပြုချက်ကို တရားရေးဌာနကလည်း လက်ခံမယ့်ပုံရပါတယ်။ FBI ညွှန်ကြားရေးမှူးနဲ့ အစိုးရရှေ့နေတွေရဲ့ အကြံပြုချက်အတိုင်း လက်ခံမယ်လို့ ရှေ့နေချုပ် Loretta Lynch က ပြီးခဲ့ဲတဲ့ သီတင်းပတ်ကပဲ ပြောကြားခဲ့ပါတယ်။ အလုပ်နဲ့သက်ဆိုင်တဲ့ Email တွေကို လုံခြုံရေးတင်းကြပ်ထားတဲ့ အစိုးရအင်တာနက် Server အစား ကိုယ်ရေးသုံး Server ကို အသုံးပြု အပေးအယူ လုပ်ခဲ့တဲ့အပေါ် FBI က စုံစမ်းစစ်ဆေးမှုအတွင်း ပြီးခဲ့တဲ့ စနေနေ့ကပဲ စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ အစိုးရရှေ့နေတွေက ဝါရှင်တန်မြို့တော်က FBI ရုံးချုပ်မှာ Mrs. Clinton ကို ၃ နာရီခွဲကြာအောင် မေးမြန်းစစ်ဆေးခဲ့တာပါ။
အခုလို သူ့အပေါ် ဥပဒေကြောင်းကနေ အရေးယူစရာ မလိုဘူးလို့ FBI က ဆုံးဖြတ်လိုက်တဲ့အတွက် သမ္မတလောင်းဖြစ်ရေး ကြိုးပမ်းနေတဲ့ Hillary Clinton အတွက် နိုင်ငံရေးအရရော တရားရေးအရပါ အခက်အခဲကြီးကို ကျော်လွှားလိုက်နိုင်တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5